Home > သတင်း > ဒေသတွင်းသတင်း > စစ်ကိုင်းတိုင်းအတွင်းမှာ အသက် (၆၀) နဲ့အထက်အဖိုးအဖွားတွေ မဲပေးခွင့်မဆုံး ရှုံးစေဖို့အတွက် ကြိုတင်မဲများကောက်ခံသွားမှာဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာ အသက် (၆၀) နဲ့အထက်အဖိုးအဖွားတွေ မဲပေးခွင့်မဆုံး ရှုံးစေဖို့အတွက် ကြိုတင်မဲများကောက်ခံသွားမှာဖြစ်ပါတယ်။

လာမဲ့နိုဝင်ဘာလ (၈) ရက်နေ့မှာကျင်းပမဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ အသက် (၆၀) နှစ် နဲ့အထက် အဘိုးအဖွားတွေ မဲပေးခွင့်မဆုံးရှုံးစေဖို့ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေက အောက်တိုဘာလ (၂၉) ရက်နေ့ကနေ နိုဝင်ဘာလ (၅) ရက်နေ့အထိ ကြိုတင်မဲတွေ လိုက်လံကောက်ခံသွားမှာဖြစ်ပါတယ်။ လက်ရှိ covid ရောဂါ အခြေအနေအရ ရွေးကောက်ပွဲနေ့မှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေနဲ့ အညီ ဆန္ဒမဲပေးတဲ့နေရာမှာ သက်ကြီး ဘိုးဘွားတွေအနေနဲ့ အခက်အခဲမရှိစေဖို့ အခုလို စီစဉ် ဆောင်ရွက်တာဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးတင်ဦးက ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ အကျဉ်းကျနေသူတွေ၊ ဆေးရုံတက်ရောက်နေသူတွေနှင့် မသန်စွမ်းပုဂ္ဂိုလ်တွေကိုလည်း ရွေးကောက်ပွဲနေ့မှာ မဲပေးခွင့်မဆုံးရှုံးရအောင် သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းပြီး ကြိုတင်မဲတွေ ကောက်ယူသွားမှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိ covid ရောဂါ ကာလအတွင်းမှာ မဲဆန္ဒနယ်ပြင်ပမှာ သင်တန်းတက်ရောက်နေသူတွေ၊ အသွားအလာကန့်သတ်ခံထားရသူတွေကိုလည်း ပုံစံ (၁၅) နဲ့ ကြိုတင်မဲတွေ လက်ခံသွားမှာြဖစ်တယ်လို့လည်း ဆိုပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ်ပေါင်း (၃၇) မြို့နယ်မှာ မဲဆန္ဒရှင် (၄၂၂၉၆၀၇) ဦးနဲ့ ပြည်ပကြိုတင်မဲ (၅၇၆၈) ဦးရှိနေတာပါ။ နိုဝင်ဘာလ (၈) ရက် ရွေးကောက်ပွဲနေ့မှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမဲရုံပေါင်း (၄၁၀၇) ရုံ ထားရှိသွားမှာဖြစ်ပြီး လက်ရှိ covid 19 ကူးစက်ရောဂါအခြေအနေအရ လိုအပ်လာခဲ့ရင် မဲဆန္ဒရှင် (၁၀၀၀) နဲ့အထက်ရှိတဲ့ မဲဆန္ဒနယ်တွေမှာ မဲရုံတွေတိုး ချဲ့ထားရှိပေးသွားဖို့ စီစဉ်ဆောင်ရွက်ထားတယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် မဲရုံတွေမှာ လိုအပ်မယ့် ကျန်းမာရေးအကာအကွယ်ပစ္စည်းတွေကိုလည်း စတင်ဖြန့်ဝေပေးနေပြီလည်း ဖြစ်ပါတယ်။

ရိုက်ကူး-ထွန်းလင်းဦး/တင်ဆက်-AKL

error: Content is protected !!