Home > သတင်း > ကျန်းမာရေး > ရေဦးမြို့နယ်က ကိုဗစ်အတည်ပြုလူနာ ၉ ဦးရဲ့ ကျန်းမာရေးကောင်းမွန်

ရေဦးမြို့နယ်က ကိုဗစ်အတည်ပြုလူနာ ၉ ဦးရဲ့ ကျန်းမာရေးကောင်းမွန်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်အတွင်းမှာ အောက်တိုဘာလ (၅) ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် မှန်ဘီလူးစက်ရုံကပြန်လာတဲ့ ဖလံခုံကျေးရွာက အမျိုးသမီး (၉) ယောက်မှာ အောက်တိုဘာ ၉ ရက်နေ့က ကိုဗစ်ရောဂါပိုး စတင်တွေ့ရှိခဲ့တာပါ။
လက်ရှိရောဂါပိုးတွေ့ရှိသူတွေကို ရေဦးမြို့ကုတင်(၁၀၀) ဆေးရုံကြီး သံဃာဆောင်မှာ စောင့်ကြည့်ကုသပေးနေပြီး ကျန်းမာ ရေးကောင်းမွန်နေတယ်လို့ ဆေးရုံတာဝန်ရှိသူတဦးပြောပါတယ်။

အခုပိုးတွေ့လူနာတွေဟာ ရန်ကုန်ကနေ (၁၁) ယောက်အဖွဲ့လိုက် ကားအပြတ်ငှား ပြန်လာခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ ပိုးတွေ့လူနာတွေရဲ့ နေထိုင်စားသောက်မှုမှန်သမျှကို ရေဦးမြို့နယ် covid 19 ထိန်ချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန် ရေးကော်မတီက တာဝန်ယူဆောင်ရွက်ပေးနေသလို stay home သတ်မှတ်ထားတဲ့ သူတို့ရဲ့မိသားစုတွေကို (၂) ပတ်စာ စားနပ်ရိက္ခာ ထောက်ပံ့ပေးသွားဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ ရေဦးမြို့နယ် အုပ်ချုပ်ရေးမှုးက ပြောပါတယ်။

လက်ရှိရေဦးမြို့နယ်အတွင်းမှာ quarantine center ပေါင်း (၂၁) ခုရှိနေပြီး အသွားအလာကန့်သတ်ထားသူ (၆၉) ဦးရှိနေတာပါ။ အခုလက်ရှိ စစ်ကိုင်းတိုင်းဒေသကြီးမှာ မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိတဲ့အထဲက ၂၃ မြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၁၈၅ ဦးရှိပြီး ဆေးရုံကနေ ဆင်းခွင့်ရသူ ၆၄ ဦးရှိတယ်လို့လည်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ချက်အရ သိရပါတယ်။

ရိုက်ကူး-ထွန်းလင်းဦး/တင်ဆက်-သူရိယထက်

error: Content is protected !!