Home > သတင်း > ကျန်းမာရေး > စစ်ကိုင်းတိုင်းဒေသကြီးတွင် တစ်နေ့ထဲ ကိုဗစ်အတည်ပြုလူနာ ၃၅ ဦးထပ်တိုး

စစ်ကိုင်းတိုင်းဒေသကြီးတွင် တစ်နေ့ထဲ ကိုဗစ်အတည်ပြုလူနာ ၃၅ ဦးထပ်တိုး

စစ်ကိုင်းတိုင်းဒေသကြီးမှာ အောက်တိုဘာလ ၁၁ ရက်နေ့ တစ်နေ့ထဲ မနက်ပိုင်းမှာ ကိုဗစ်အတည်ပြုလူနာ ၂၂ ဦးနှင့် ညဦးပိုင်းမှာ ကိုဗစ်အတည်ပြုလူနာ ၁၃ ဦး စုစုပေါင်း ၃၅ ဦး ထပ်တိုး ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ စစ်ကိုင်းတိုင်း COVID – 19 ထိန်းချုပ်ရေးနှင့် တုန့်ပြန်ရေးကော်မတီ၏ ကနဦးထုတ်ပြန်ချက်အရ သိရပါတယ်။ မနက်ပိုင်းက တွေ့ရှိရတဲ့ ပိုးတွေ့လူနာ ၂၂ ဦးက ဒီပဲယင်းမြို့နယ်နှင့် ကန့်ဘလူမြို့နယ်တွေက ဖြစ်ပြီး ရန်ကုန်ပြန်တွေဖြစ်ပါတယ်။ ညဦးပိုင်းမှာ တွေ့ရှိရတဲ့ ပိုးတွေ့လူနာ ၁၃ ဦးကတော့ အရာတော်မြို့နယ်က ၅ ဦး၊ ကလေးမြို့နယ်က ၄ ဦး၊ မုံရွာမြို့နယ်က ၃ ဦးနှင့် စစ်ကိုင်းမြို့နယ်က ၁ ဦးတို့ ဖြစ်ပါတယ်။

အရာတော်မြို့နယ်က ပိုးတွေ့လူနာ ၅ ဦးက ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် မှန်ဘီလူးစက်ရုံကနေ ပြန်လာတွေသူဖြစ်ပြီး တောလှကျေးရွာစာသင်ကျောင်းမှာ Quarantine ထားရှိသူတွေဖြစ်ပါတယ်။

“သူတို့ မင်္ဂလာဒုံ မှန်ဘီလူးစက်ရုံကနေ ပြန်လာသူတွေပါ။ တောလှကျေးရွာမှာ Quarantine ထားရှိသူတွေဖြစ်ပါတယ်။ မနေ့က Swab ယူပို့တာ။ အခုမှ ရောဂါပိုးတွေ့တယ်လို့ သိရတယ်။ ကျန်းမာရေးကတော့ ကောင်းမွန်ပါတယ်။ သူတို့က အမျိုးသမီးတွေကြီးပါပဲ။”လို့ အရာတော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိုက်ထွန်းက ပြောပါတယ်။

အဲဒီပိုးတွေ့လူနာ ၅ ဦးက တောလှကျေးရွာက ၃ ယောက်နှင့် ကျောက်ပျောက်ရွာက ၂ ယောက်တို့ဖြစ်ပြီး အရာတော်မြို့ ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုပေးသွားမယ်လို့လည်း သိရပါတယ်။

မုံရွာမြို့နယ်က ပိုးတွေ့လူနာ ၃ ဦးမှာ ရွှေပြည်အေးရပ်ကွက်က ၂ ဦးနှင့် အလုံက ၁ ဦးတို့ဖြစ်ပြီး သက်ဆိုင်ရာ စာသင်ကျောင်းတွေမှာ Quarantine ထားရှိသူတွေဖြစ်ပါတယ်။

“ပိုးတွေ့လူနာ ၃ ယောက်ထဲက ၂ ယောက်က မင်္ဂလာဒုံကနေ ပြန်လာတဲ့ ရွှေပြည်အေးရပ်ကွက် အမျိုးသမီးနှစ်ဦးပါ။ ကျန်တစ်ယောက်ကတော့ ညောင်ဦးကနေ ပြန်လာတဲ့ အလုံကပါ။ ကျန်းမာရေးကကောင်းမွန်ပါတယ်။”လို့ မုံရွာမြို့နယ် အုပ်ချုပ်ရေးမှုး ဦးခင်မောင်စိုးက ပြောပါတယ်။

အဲဒီပိုးတွေ့လူနာ ၃ ယောက်ကို မုံရွာမြို့ပြည်သူ့ဆေးရုံကြီးမှာ ထားရှိဆေးကုသမှုပေးသွားမယ်လို့လည်း သိရပါတယ်။

ကလေးမြို့နယ်က ပိုးတွေ့လူတာ ၄ ဦးက ရန်ကုန်ကနေ ပြန်လာသူတွေဖြစ်ပြီး ကလေးတက္ကသိုလ်မှာ အသွားအလာ ကန့်သတ်ထားသူတွေ ဖြစ်ပါတယ်။

“သူတို့က ရန်ကုန်ကနေ ပြန်လာတဲ့သူတွေပါ။ ရန်ကုန်ကနေ ပြန်လာတော့ မန္တလေးကနေ ကြားဖြတ်စီးလာတဲ့ ဂန့်ဂေါက အမျိုးသမီးက Positive ဖြစ်နေတဲ့သူပါ။ သူက ဂန့်ဂေါမှာ ဆင်းနေတာ။ သူနဲ့အတူ ကားစီးလာတဲ့ ကလေးမြို့နယ်က ၄ ယောက်စလုံးလဲ Swab နမူနာရယူ စစ်ဆေးရာမှာ ရောဂါပိုးတွေ့ရှိတာပါ။ သူတို့ကို ကလေးတက္ကသိုလ်မှာ အသွားအလာ ကန့်သတ်ထားတာပါ။ ကျန်းမာရေးကတော့ ကောင်းမွန်ပါတယ်။”လို့ ကလေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမူ (ခ) ဒေါ်ရှားမီးက ပြောပါတယ်။

အဲဒီပိုးတွေ့လူနာ ၄ ဦးထဲက ကလေးမြို့နယ် အင်ဒိုင်းကြီးကျေးရွာက အမျိုးသမီး ၃ ဦးနှင့်တင်သားကျေးရွာက အမျိုးသားတစ်ဦးတို့ ဖြစ်ပြီး ကလေးမြို့ တိုင်းရင်းဆေးရုံမှာ ဆေးကုသမှု ပေးသွားမယ်လို့လည်း သိရပါတယ်။

စစ်ကိုင်းမြို့နယ်က ပိုးတွေ့လူနာ ၁ ဦးက ရန်ကုန်တိုင်းဒေသကြီးကနေ ရဲတပ်ရင်း ၁၆ ကို ပြောင်းရွှေ့လာတဲ့ ရဲဝန်ထမ်းတွေဖြစ်ပါတယ်။ စစ်ကိုင်းမြို့၊ ရဲတပ်ရင်း ၁၆ မှာ Quarantine ထားရှိတဲ့ ရဲဝန်ထမ်း အမျိုးသား ၉ ဦးထဲက ၇ ဦးမှာ ရောဂါပိုး တွေ့ရှိခဲ့ပြီး အခုတွေ့ရှိတာက ကျန်တဲ့ ၂ ဦးထဲက တစ်ဦးမှာ ပိုးတွေ့တာပါ။ အဲဒီပိုးတွေ့လူနာအမျိုးသားကို စစ်ကိုင်းမြို့၊ ကုတင် ၂၀၀ ဆံ့ ပြည်သူ့ဆေးရုံရှိ Isolation Ward မှာ စနစ်တကျ Quarantine ထားရှိဖို့ စီစဉ်ဆောင်ရွက်လျက်ရှိတယ်လို့လည်း သိရပါတယ်။

အခုလက်ရှိ စစ်ကိုင်းတိုင်းဒေသကြီးမှာ မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိတဲ့အထဲက ၂၃ မြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၁၉၈ ဦးရှိပြီး ဆေးရုံကနေ ဆင်းခွင့်ရသူ ၇၅ ဦးရှိတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ချက်အရ သိရပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ အောက်တိုဘာလ ၁၁ ရက်နေ့ ည ၈ နာရီအချိန် ထုတ်ပြန်ချက်အရ ကိုဗစ်ပိုးတွေ့ရှိသူ လူနာအသစ် ၁၉၁၀ ဦးဖြစ်ပြီး ဆေးရုံက ဆင်းခွင့်ရသူ ၂၆၉၂ ဦးရှိကာ သေဆုံးသူကလည်း ၄၈ ဦးထိ စံချိန်တင်ခဲ့ပါတယ်။ လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၂၇၉၇၄ ဦးထိ ရှိနေပြီဖြစ်ပါတယ်။

ပိုတေး

error: Content is protected !!