Home > သတင်း > ဒေသတွင်းသတင်း > ခန္တီးမြို့တွင် NLD ပါတီကိုဝန်းရံသူများက ချင်းတွင်းမြစ်အတွင်း လှေအစီး ၅၀ နဲ့ အင်အားပြလှည့်လည်

ခန္တီးမြို့တွင် NLD ပါတီကိုဝန်းရံသူများက ချင်းတွင်းမြစ်အတွင်း လှေအစီး ၅၀ နဲ့ အင်အားပြလှည့်လည်

စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းတွင်းမြစ်အထက်ပိုင်း၊ ခန္တီးမြို့တွင် NLD ပါတီဝန်းရံသူ အင်အား ၁၀၀၀ ခန့်က အောက်တိုဘာလ ၁၁ ရက်နေ့ နေ့လည်ပိုင်းက ချင်းတွင်းမြစ်အတွင်း လှည့်လည်အင်းပြခဲ့ကြပါတယ်။ အခုလို အင်အားပြရာမှာ စက်လှေအကြီးအသေး အစင်းပေါင်း ၅၀ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

“အခုက ကျွန်တော်တို့ ပြည်သူတွေကနေ NLD ပါတီ ဝန်းရံထောက်ခံတဲ့အနေနဲ့ ကုန်းပေါ်နှင့် ရေပေါ် အင်အားပြ လုပ်ဆောင်တာပါ။ ခန္တီးမြို့ပေါ်တော့ မဟုတ်ပါဘူး။ ခန္တီးတစ်ဘက်က ကင်းတော်ကျေးရွာက ပြည်သူတွေပါ။ ကျွန်တော်တို့ ကျေးရွာတွေ NLD ထောက်ခံကြောင်း အင်အားပြတဲ့အနေနဲ့ လုပ်ဆောင်ခဲ့တာပါ။”လို့ အင်အားပြရာမှာ ပါဝင်ခဲ့သူ ကင်းတော်ကျေးရွာနေ ဦးမြင့်သိန်းက ပြောပါတယ်။

ဒီအင်အားပြပွဲကို ခန္တီးမြို့တဖက်ကမ်း ကင်းတော်ကျေးရွာက ပြည်သူတွေ အများဆုံးပါဝင်ခဲ့ပြီး ၂၀၂၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲမှာ ခန္တီးမြို့နယ် NLD ပါတီအောင်နိုင်ရေးကို အထောက်အကူဖြစ်စေအောင် ရည်ရွယ် လုပ်ဆောင်တာလို့လည်း ဝန်းရံသူတစ်ဦးက ပြောဆိုခဲ့ပါသေးတယ်။ လာမယ့်ရွေးကောက်ပွဲအတွက် ခန္တီးမြို့နယ်မှာ ဒေသခံ နာဂအမျိုးသားပါတီအပြင်၊ ရှမ်းနီ (တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ၊ တိုင်းလိုင် (ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ စတဲ့ တိုင်းရင်းသားပါတီတွေအပြင် NLD ပါတီ၊ ပြည်ခိုင်ဖြိုးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ပြည်သူ့ပါတီ၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ စတဲ့ နိုင်ငံရေးပါတီတွေ ပါဝင်ယှဉ်ပြိုင်ကြမှာလည်း ဖြစ်ပါတယ်။

ခန္တီးမာန်(မျက်မှောက်ခေတ်)

error: Content is protected !!