Home > သတင်း > ကျန်းမာရေး > စစ်ကိုင်းတိုင်းဒေသကြီးတွင် ကိုဗစ်အတည်ပြုလူနာ ၂၂ ဦးထပ်တိုး၊ တစ်နိုင်ငံလုံးတွေ့ရှိမှု စံချိန်တင်

စစ်ကိုင်းတိုင်းဒေသကြီးတွင် ကိုဗစ်အတည်ပြုလူနာ ၂၂ ဦးထပ်တိုး၊ တစ်နိုင်ငံလုံးတွေ့ရှိမှု စံချိန်တင်

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ အောက်တိုဘာလ ၉ ရက်နေ့ ည ၈ နာရီအချိန် ထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံးမှာ  စစ်ဆေးမှု ၁၅၃၀၁ ခုထဲက ကိုဗစ်ရောဂါပိုးတွေ့ရှိသူ ၁၄၆၁ ဦး၊ ပြန်လည်သက်သာလာသူ ၃၇၂ ဦးနှင့် သေဆုံးသူ ၃၁ ဦးရှိတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါပိုးတွေ့ရှိပြီးတဲ့နောက်ပိုင်း တစ်ရက်ထဲ ပိုးတွေ့လူနာ ၁၄၆၁ ဦးတွေ့ရှိတာက အများဆုံးတွေ့ရှိတာလည်း ဖြစ်ပါတယ်။ ပိုးတွေ့လူနာတွေထဲမှာ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းကလည်း ကိုဗစ်အတည်ပြုလူနာ ၂၂ ဦးတွေ့ရှိတယ်လို့ စစ်ကိုင်းတိုင်း COVID – 19 ထိန်းချုပ်ရေးနှင့် တုန့်ပြန်ရေးကော်မတီရဲ့ ကနဦးထုတ်ပြန်ချက်အရ သိရပါတယ်။ ပိုးတွေ့လူနာ ၂၂ ဦးက ရေဦးမြို့နယ်မှာ ၉ ဦး၊ ဘုတလင်မြို့နယ် ၁၀ ဦး၊ ရွှေဘိုမြို့နယ် ၁ ဦးနှင့် ကောလင်းမြို့နယ် ၂ ဦးတို့ ဖြစ်ပါတယ်။ ရေဦးမြို့နယ်က ရောဂါပိုးတွေ့ရှိသူ ၉ ဦးက ရေဦးမြိုနယ်၊ ဖလံဂုဏ်ကျေးရွာကဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံ မြို့နယ်ကနေ ပြန်လာတဲ့သူတွေဖြစ်ပါတယ်။

“ရန်ကုန်၊ မင်္ဂလာဒုံကပြန်လာတာပါ။ ရေဦးကို (၅) ရက် နေ့က ရောက်တာပါ။ သူတို့ကို ရောက်ရောက်ချင်းပဲ ဖလံဂုဏ်ရွာက Quarantine မှာ ထည့်ထားတာပါ။ သူတို့က ရန်ကုန်ကနေအဖွဲ့လိုက် ပြန်လာကြတာပါ။ သူတို့ရဲ့ Swab နမူနာကို မနေ့ကယူပြီး စစ်ဆေးတာမှာ ဒီနေ့ ပိုးတွေ့တာပါ။ Contact တွေကို လိုက်နေပါတယ်။ ရေဦးဆေးရုံမှာဘဲ ကုသသွားမှာပါ။” လို့ ရေဦးမြို့ နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့ နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းခိုင်က ပြောပါတယ်။

ဒါ့အပြင် ကောလင်းမြို့နယ်က ရောဂါပိုးတွေ့ရှိလူနာ ၂ ဦးကလည်း ရန်ကုန်ကနေ ပြန်လာသူတွေဖြစ်ပြီး သူတို့ကို Quarantine ထားရှိကာ Swab နမူနာရယူစစ်ဆေးရာမှာ ရောဂါပိုးတွေ့ရှိခဲ့တာပါ။

“ရန်ကုန်ပြန်တွေပါ။ ရန်ကုန်ကနေ ပြန်လာပြီး Quarantine ဝင်နေတဲ့သူတွေပါ။ မီးရထားဝန်ထမ်းတစ်ဦးပါ။ နောက်တစ်ယောက်ကတော့ အရပ်သားပါ။ အရပ်သားကတော့ ရေဦးမြို့နယ်၊ ကျောက်တန်းကျေးရွာအုပ်စုက တစ်ယောက်က Quarantine ဝင်တဲ့သူနဲ့ မီးရထားဝန်ထမ်းက မြို့ပေါ် ညောင်အင်း Quarantine Centerမှာ Quarantine ဝင်တဲ့သူပါ။”လို့ ကောလင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲမြတ်သိန်းက ပြောပါတယ်။

အဲဒီပိုးတွေ့လူနာ ၂ ဦးကိုတော့ ကောလင်းမြို့နယ် ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုပေးသွားမယ်လို့လည်း သိရပါတယ်။

ရွှေဘိုမြို့နယ်က ပိုးတွေ့လူနာ ၁ ဦးကတော့ အောက်တိုဘာ ၇ ရက်နေ့က Test Kit ဖြင့် စစ်ဆေးရာမှာ ရောဂါပိုးတွေ့ရှိခဲ့တဲ့ယာဉ်မောင်းနဲ့ ထိစပ်သူဖြစ်ပါတယ်။

“ဟိုတနေ့က တွေတဲ့ ကားသမားရဲ့အဆက်ပါ။ ကားသမားကိုတွေ့တော့ စပယ်ယာသမားကို Quarantine ဝင်ခိုင်းတယ်။ Swab နမူနာရယူစစ်ဆေးရာမှာ ရောဂါပိုးတွေ့တာပါ။”လို့ ရွှေဘိုခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုအောင်က ပြောပါတယ်။

အဲဒီပိုးတွေ့လူနာအမျိုးသားကို ရွှေဘိုမြို့ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း ယာယီဆေးရုံမှာ ဆေးကုသမှုပေးသွားမယ်လို့လည်း သိရပါတယ်။

ဘုတလင်မြိုနယ်က ပိုးတွေ့လူနာ ၁၀ ဦးက ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံ စက်မှုဇုန်ကနေ ပြန်လာတဲ့ အမျိုးသမီး (၁၀) ဦးထံကနေ ရောဂါပိုးတွေ့ရှိခဲ့တာပါ။

“ငပယင်းရွာ Quarantine မှာ (၆) ‌ယောက်၊ ကူတောရွာ Quarantine မှာ (၁) ယောက်၊ မောက်တက်ရွာ Quarantine မှာ (၂) ယောက်၊ ‌နောက်ပြီးတော့ ဘုတလင်၊ မြဝတီခန်းမ Quarantine မှာ (၁)ယောက် အားလုံး (၁၀) ယောက် ပိုးတွေ့တာပါ။ သူတို့ကိုပြန်ရောက်ကတည်းက Quarantine ထားလိုက်တာပါ။ သူတို့နဲ့ထိတွေ့တဲ့သူတော့ မရှိပါဘူး။ ဘုတလင်မြို့ ပြည်သူ့ ဆေးရုံမှာပဲ ထားပြီးတော့ ကုသပေးတာပါ။”လို့ ဘုတလင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးလွင်က ပြောပါတယ်။

အခုလက်ရှိအချိန်ထိ စစ်ကိုင်းတိုင်းဒေသကြီးမှာ မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိတဲ့အထဲက ၂၂ မြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၁၄၄ ဦးရှိပြီး ဆေးရုံကနေ ဆင်းခွင့်ရသူ ၄၅ ဦးရှိတယ်လို့လည်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။

သူရိယထက်၊ အေပီတီ

error: Content is protected !!