စစ်ကိုင်းတိုင်းဒေသကြီး၊ အိန္ဒိယ-မြန်မာနယ်စပ်ကို ဖြတ်သန်းပြီး တရားမဝင် ဝင်ထွက်သွားလာနေတာကို တားမြစ်ပိတ်ပင်ထားပြီး ဖောက်ဖျက်သူကို တည်ဆဲဉပဒေနဲ့အညီ အရေးယူမယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ အောက်တိုဘာလ ၉ ရက်နေ့က အမိန့်ထုတ်ပြန်ထားပါတယ်။
အမိန့်ထုတ်ပြန်ချက်ထဲမှာ စစ်ကိုင်းတိုင်းဒေသကြီး လေရှီး၊ လဟယ်၊ နန်းယွန်းနှင့် တမူးမြို့နယ်တွေက အိန္ဒိယနိုင်ငံအတွင်းကို ဝင်ထွက်သွားလာတာ၊ ကုန်စည် တင်သွင်းတာ၊ တင်ပို့တာတွေပြုလုပ် နေတယ်လို့ ဆိုပါတယ်။ တရားဝင်နယ်စပ်ဂိတ်ဖြစ်တဲ့ တမူးမြို့နယ် မြန်မာ-အိန္ဒိယ နယ်စပ်သံတံတားဂိတ် အမှတ် ၁ ဂိတ်နှင့် အမှတ် ၂ ဂိတ်တို့ကို မြန်မာနိုင်ငံဖက်က မတ်လ ၁၀ ရက်နေ့ကနေစတင်ကာ ကိုဗစ် ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် တရားဝင်ယာယီပိတ်ထားခဲ့တာပါ။
“အဲဒီအမိန့်ထုတ်ပြန်ဖို့က ဗဟိုကော်မတီကိုတင်ပြပြီးတော့ ဗဟိုကော်မတီရဲ့ ခွင့်ပြုချက်နဲ့ ဒီအမိန့်ကို ထုတ်ပြန်တာပါ။ လိုအပ်ချက်ကတော့ နယ်စပ်ဒေသမှာ တရားမဝင် ကုန်ကူးတာတို့၊ သွားတာလာတာတို့၊ ဖြတ်သန်းဖြတ်လာတွေ ရှိနေတာပါ။ ဟိုအရင်ကတည်းက ဖြတ်သန်းဖြတ်လာ ရှိနေတာကို ဒီကိုဗစ်ကာလမှာ ထိထိရောက်ရောက် အရေးယူနိုင်ဖို့အတွက် ဒီအမိန့်ကို ထုတ်ပြန်တာဖြစ်ပါတယ်။”လို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောပါတယ်။
ဒါ့အပြင် စစ်ကိုင်းတိုင်းဒေသကြီး လေရှီး၊ လဟယ်၊ နန်းယွန်းနှင့် တမူးမြို့နယ်တွေက အိန္ဒိယနိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ရပ်ကွက်၊ ကျေးရွာအုပ်စုတွေကနေ တရားဝင် ပြန်လည်ဖွင့်လှစ်ခြင်း မပြုမီအချိန်အထိ မည်သူမဆို မြန်မာ-အိန္ဒိယနယ်စပ်ကို ဖြတ်သန်းပြီး တရားမဝင် ဝင်ထွက်သွားလာတာ၊ ကုန်စည်သယ်ယူပို့ဆောင်တာတွေ မပြုလုပ်ဖို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က တားမြစ်လိုက်တာပါ။ ပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်သူတွေကို သဘာဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ၊ တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ ဒေသန္တရအမိန့်က နောက်ထပ်အမိန့်တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသရွေ့ အတည်ဖြစ်စေရမယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
“ဒီလိုမျိုးထုတ်ပြန်တာ ကြိုဆိုရမယ်။ ဒါက အားလုံးအတွက် လုပ်တာပါ။ ဒီအအပေါ်မှာတော့ စားဝတ်နေရေး မပြေလည်လို့ အခက်အခဲဖြစ်လို့ နယ်ခြားကနေ ခိုးပြီးမှ ပစ္စည်းပို့ရတဲ့သူလဲရှိမှာပေါ့။ တမူးမြို့ကလဲ မြန်မာနိုင်ငံ အိန္ဒိယနယ်စပ်ဖြစ်နေတာကို သူတို့အနေနဲ့တော့ အခက်အခဲတော်ရှိမှာပေါ့။ ဒီအပေါ်မှာလဲ နားလည်ပါတယ်။ ဒါပေမယ့်လဲ တဖက်ကပြန်ကြည့်ရင် ရောဂါကလဲ ပိုမိုပြန့်ပွားနေတဲ့အချိန်ဖြစ်တော့ အစိုးရပိုင်းကလဲ တစ်မြို့လုံးအတွက်ကို ကြည့်ပေးရတာဆိုတော့ ဒါကိုထိန်းချုပ်ရတာပေါ့။”လို့ တမူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်နိုင်ဝင်းက ပြောပါတယ်။
အခုလက်ရှိ စစ်ကိုင်းတိုင်းဒေသကြီးမှာ မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိတဲ့အထဲက ၂၂ မြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၁၄၅ ဦးရှိပြီး ဆေးရုံကနေ ဆင်းခွင့်ရသူ ၄၅ ဦးရှိတယ်လို့လည်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ပိုတေး