Home > သတင်း > တရားဉပဒေစိုးမိုးရေး > ဖောင်းပြင်မြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်အား မီးလောင်၊ဆုံးရှုံးမှုတန်ဖိုးငွေကျပ် ၂၆ သိန်းကျော်ရှိ

ဖောင်းပြင်မြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်အား မီးလောင်၊ဆုံးရှုံးမှုတန်ဖိုးငွေကျပ် ၂၆ သိန်းကျော်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ရွှေညောင်ပင်အုပ်စု၊ အောက်တောင်းကျေးရွာတွင် အောက်တိုဘာလ ၉ ရက်နေ့ နေ့လည်ပိုင်းက စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင် မီးလောင်မှုဖြစ်ပေါ်ခဲ့ပါတယ်။ မီးလောင်ခဲ့တဲ့ စက်သုံးဆီဆိုင်က အောက်တောင်းကျေးရွာရှိ ငြိမ်းဓန စက်သုံးဆီဆိုင်ဖြစ်ပြီး လျှံကျလောင်စာဆီတွေကို ဂါလံခွက်ထဲ ထည့်ပြီး ဆွဲယူတာကနေ သမံတလင်းနဲ့ပွတ်တိုက်မှုဖြစ်ကာ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးလောင်မှုကြောင့် လူနှင့် တိရစ္ဆာန်တွေ ထိခိုက်သေဆုံးတာ မရှိဘူးလို့ မြို့နယ်မီးသတ်ဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။

“မီးစတင်လောင်တာက ဒီကနေ့ မနက် ၁၁ နာရီ ၄၅ မိနစ်အချိန်ကပါ။ သတင်းရတာက ၁၁ နာရီ ၅၀ မိနစ်အချိန်ကပါ။ သွားရောက်ငြိမ်းသတ်ခဲ့ပါတယ်။ လူနဲ့ထိရစ္ဆာန်ထိခိုက်ဒဏ်ရာမရှိဘူး။”လို့ ဖောင်းပြင်မြို့နယ် မီးသတ်ဦးစီးမှူးဦးကျော်စိုးပိုင်က ပြောပါတယ်။

မီးလောင်မှုကို မီးသတ်ယာဉ် ၂ စီး၊ ရေသယ်ယာဉ် ၃ စီးနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေနှင့် ဒေသခံပြည်သူတွေ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရပါတယ်။ မီးလောင်မှုကြောင့် ဒီဇယ်ဆီ ၉ ပေပါ၊ ဓာတ်ဆီ ၆ ပေပါနှင့် အင်ဂျင်ဝိုင် ၂ ပေပါ၊ ဆိုင်ကယ်တစ်စီးနှင့် အဆောက်အဦးတို့ မီးလောင်ဆုံးရှုံးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ် ၂၆ သိန်းကျော်ရှိခဲ့တယ်လို့ မီးသတ်ဦးစီးဌာန သတင်းတွေအရ သိရပါတယ်။ မီးလောင်မှုနဲ့ပတ်သက်လို့ မီးပေါ့ဆသူ ဒေါ်ငြိမ်းအေးကို ဖောင်ပြင်မြို့မရဲစခန်းက (ပ)၇၂/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သူရိယထက်

error: Content is protected !!