Home > သတင်း > ကျန်းမာရေး > ကုန်စည်စီးဆင်းမှု နှောင့်နှေးနေတဲ့အတွက် ဆန်နှင့် စားသုံးဆီဈေးကွက် အရောင်း၀ယ် အေးနေ

ကုန်စည်စီးဆင်းမှု နှောင့်နှေးနေတဲ့အတွက် ဆန်နှင့် စားသုံးဆီဈေးကွက် အရောင်း၀ယ် အေးနေ

COVID-19 ရောဂါခြေနေကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှာ ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေကို ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ပြီးမှ ဖြတ်သန်းသွားလာခွင့် ပြုထားတဲ့အတွက် ကုန်စည်စီးဆင်းမှုနှောင့်နှေးနေပြီး ဆန်၊ စပါးနဲ့ စားသုံးဆီဈေးကွက်မှာ အရောင်းအ၀ယ်နည်းပါးနေပြီး ဈေးနှုန်းအတက်အကျ အေးနေတယ်လို့ မုံရွာမြို့က ဆန်၊ စပါးနဲ့ စားသုံးဆီကုန်သည်တွေက ပြောပါတယ်။ လက်ရှိမှာ ကုန်စည်စီးဆင်းမှုအတွက် အသွားလာ ကန့်သတ်ချက်တွေ ရှိနေသလို ဆန်စပါး ၀ယ်ယူသူလည်း မရှိသလောက် ဖြစ်နေတာကြောင့် အရောင်းအ၀ယ်ရော ဈေးနှုန်းပါ အေးသွားတာဖြစ်တယ်လို့ မုံရွာမြို့ သန်းတရာ ဆန်စက်နဲ့ပွဲရုံပိုင်ရှင် ဦးချစ်ပုက အခုလိုပြောပါတယ်။

“ကားတွေက ခက်ခက်ခဲခဲ သွားနေရတော့ သိပ်မထွက်ကြတော့ဘူးလေ။ ပြီးတော့ ၀ယ်လက်လည်းမရှိတော့ စက်ရုံတွေပါ ပိတ်ထားရတယ်။ ကုန်တင်ကားတွေ အဆင်ပြေပြေ သွားလာခွင့် ရလာရင်တော့ ဆန်၊စပါးဈေးတက်ဖို့ အလားလာရှိတယ်။”လို့ လုပ်ငန်းရှင် ဦးချစ်ပုက ပြောပါတယ်။

မုံရွာမြို့ ဆန်၊စပါးဈေးကွက်အတွင်းမှာ မနောသုခဆန်အဟောင်း တစ်တင်းခွဲအိတ် တစ်အိတ်ကို ကျပ် (၃၀၀၀၀)၊ ဧရာမင်းဆန်အဟောင်းတစ်အိတ်ကို ကျပ် (၄၁၀၀၀) နဲ့လက်ရှိအသစ်ပေါ်တဲ့ နွေဆန်တစ်အိတ်ကိုကျပ်(၂၅၀၀၀)ခွဲ ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။ ဆီဈေးကွက်မှာလည်း မြေပဲ

ဆီတစ်ပိဿာကိုကျပ် (၅၈၀၀)၊ နှမ်းဆီတစ်ပိဿာကို ကျပ် (၅၄၀၀)၊ နေကြာဆီတစ်ပိဿာကို ကျပ် (၄၅၀၀)နဲ့ စာအုန်းဆီတစ်ပိဿာကို ကျပ် (၁၉၅၀) ပေါက်ဈေးရှိနေတာဖြစ်ပါတယ်။ စားသုံးဆီဈေးကွက်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ ဈေးနှုန်းထက် ကျဆင်းဖို့ရှိနေပေမယ့် ကုန်စည်စီးဆင်းမှု အခက်အခဲတွေကြောင့် ထိန်းထိန်းသိမ်းသိမ်း ရောင်းနေကြရတဲ့အတွက် ဈေးငြိမ်နေတာဖြစ်တယ်လို့ မုံရွာမြို့နယ် ခင်မွန်ကျေးရွာက ဆီစက်ပိုင်ရှင် ဦးခင်မောင်အေး ကပြောပါတယ်။

“အခုက အသွားလာတွေက ခက်နေတော့၊ ကုန်ကားရောက်မယ့်အချိန်ကို ခန့်မှန်းလို့ မရဘဲ ဖြစ်နေတာပေါ့။ တကယ်လို့ အသွားလာတွေသာ ကောင်းမွန်လာမယ်။ ကုန်စည်စီးဆင်းမှု မြန်ဆန်လာမယ်ဆိုရင် ဆီဈေးက ကျဆင်းလာနိုင်တာပေါ့။ အခုက ထိန်းရောင်းနေကြရတော့ ဈေးကွက်အေးနေတာပါ။”လို့ ဆီစက်လုပ်ငန်းရှင် ဦးခင်မောင်အေး ကပြောပါတယ်

လက်ရှိအချိန်မှာ ဆန်နှင့် စားသုံးဆီ ဈေးကွက် တည်ငြိမ်နေပေမယ့် အခြေခံပြည်သူလူထုအနေနဲ့ ၀င်ငွေတွေ အလုပ်ကိုင်ထိခိုက်မှုတွေတဲ့အတွက် အခက်အခဲတွေကြုံတွေ့နေရတယ်လို့ သိရပါတယ်။

“အခုက ကားလမ်းတွေပိတ်နေပေမယ့် အခြေခံစားသောက်ကုန်ဈေး တက်တာတော့ မရှိဘူး။ အရင်ကလည်း ဧရာမင်းတစ်အိပ်ကို လေသောင်းကျော် ငါးသောင်းပေးရတာ။ အခုလည်း အဲ့ဒီလောက်ပါပဲ။ ဒါပေမယ့်အလုပ်ကိုင်က အဆင်မပြေတော့ ဈေးမတက်ပေမယ့် ခက်ခဲတာပေါ့။”လို့ မုံရွာမြို့ နန္ဒ၀န်ရပ်ကွက်မှာနေထိုင်တဲ့ မဇာနည် ကပြောပါတယ်။

လက်ရှိအချိန်မှာ ဆန်နှင့် စားသုံးဆီဈေးကွက် အေးနေတာကြောင့် စပါးနဲ့ ဆီထွက်သီးနှံတွေလည်း အရောင်းအ၀ယ်အေးနေပြီး စက်ရုံတွေ ပိတ်ထားရတဲ့ အခြေအနေထိ ရှိလာတယ်လို့ သိရပါတယ်။ ကုန်စည်စီးဆင်းမှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာအစိုးရကပြင်ဆင် ဆောင်ရွက်နိုင်ခဲ့မယ်ဆိုရင်တော့ ဆန်၊ စပါးနှင့် စားသုံးဆီ၊ ဆီထွက်သီးနှံတွေအတွက် ဈေးကွက်ရော ဈေးနှုန်းပါ အပြောင်းအလဲတွေ ရှိလာနိုင်တယ်လို့ မုံရွာမြို့က ဆန်၊ စပါးနှင့် စားသုံးဆီကုန်သည်တွေက ပြောပါတယ်။

ကျော်ဇေယျ (မျက်မှောက်ခေတ်)

error: Content is protected !!