Home > သတင်း > ကျန်းမာရေး > စစ်ကိုင်းတိုင်းဒေသကြီးတွင် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို ပစ္စည်းပို့တဲ့ တွဲကားသမား ၄ ဦးအပါအဝင် ကိုဗစ်အတည်ပြုလူနာ ၇ ဦးထပ်တိုး

စစ်ကိုင်းတိုင်းဒေသကြီးတွင် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို ပစ္စည်းပို့တဲ့ တွဲကားသမား ၄ ဦးအပါအဝင် ကိုဗစ်အတည်ပြုလူနာ ၇ ဦးထပ်တိုး

စစ်ကိုင်းတိုင်းဒေသကြီးမှာ ကိုဗစ်အတည့်ပြုလူနာအသစ် ၇ ဦး ထပ်မံတွေ့ရှိရတယ်လို့ စစ်ကိုင်းတိုင်း COVID – 19 ထိန်းချုပ်ရေးနှင့် တုန့်ပြန်ရေးကော်မတီရဲ့ ကနဦးထုတ်ပြန်ချက်အရ သိရပါတယ်။ မုံရွာမြိုနယ်က ရောဂါပိုးလူနာ ၅ ဦးထဲက မွန်ပြည်နယ်ကနေပြန်လာတဲ့ အသက် ၂၈ နှစ်အရွယ် အမျိုးသား တစ်ဦး (ဆည်ကြီးတောရွာတွင် အသွားအလာကန့်သတ်ထားသူ)နှင့် ရန်ကုန်ကနေ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဆာလဖျုရစ်အက်ဆစ်လာပို့တဲ့ တွဲကားသမား အသက် ၄၃ နှစ်အရွယ် အမျိုးသား တစ်ဦး၊ အသက် ၄၆ နှစ်အရွယ် အမျိုးသား တစ်ဦး၊ အသက် ၃၈ နှစ်အရွယ် အမျိုးသား တစ်ဦး၊ အသက် ၂၈ နှစ်အရွယ် အမျိုးသား တစ်ဦးတို့ဖြစ်ပြီး မုံရွာနန္ဒဝန် Facility Quarantine Centerမှာ အသွားအလာကန့်သတ်ထားသူတွေဖြစ်ပါတယ်။

“ဆည်ကြီးတောရွာက တစ်ယောက်ကို ရွာမှာပဲ အသွားအလာကန့်သတ်ထားတာ။ ကျန် ၄ ယောက်ကတော့ ဝမ်ပေါင်ကုမ္ပဏီကို ဆာလဖျုရစ်အက်ဆစ်လာပို့တဲ့ တွဲကားသမားတွေပါ။ သူတို့ကိုလဲ အသွားအလာကန့်သတ်ထားတဲ့သူတွေပါ။ သူတို့က ပထမပိုးတွေ့တဲ့ ၇ ယောက်အဖွဲ့နဲ့ တူတူပဲ။ သူတို့က Quarantine ထားတဲ့သူတွေပါ။ သူတို့ရဲ့ကျန်းမာရေးအခြေအနေကောင်း မွန်ပါတယ်။”လို့ မုံရွာမြို့နယ်အုပ်ချုပ်ရေးမှုး ဦးခင်မောင်စိုးက ပြောပါတယ်။

အဲဒီပိုးတွေ့လူနာ ၅ ဦးကို မုံရွာမြို့ပြည်သူ့ဆေးရုံကို ပို့ဆောင်ကာ ဆေးကုသမှုပေးနိုင်ဖို့လည်း လုပ်ဆောင်နေပါတယ်။ အရင်ပိုးတွေ့ ၇ ယောက်ကတော့ မုံရွာဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေဆဲဖြစ်ပါတယ်။

ဒီနေ့တွေ့ရှိတဲ့အထဲမှာ နောက်ထပ် ၂ ဦးကတော့ ကနီမြို့နယ်ကဖြစ်ပြီး ရန်ကုန်မြို့နယ်ကနေ ပြန်လာသူတွေဖြစ်ကာ သက်ဆိုင်ရာကျေးရွာစာသင်ကျောင်း Facility Quarantine Center မှာ အသွားအလာ ကန့်သတ်ထားသူတွေ ဖြစ်ပါတယ်။

“သူတို့က ရန်ကုန်ပြန်လေးတွေပါပဲ။ သက်ဆိုင်ရာကျေးရွာ စာသင်ကျောင်းတွေမှာ Quarantine ထားတဲ့သူတွေပါ။ ပျဉ်းမော်ရွာက တစ်ယောက်က ဒုတိယအကြိမ်စစ်ဆေးရာမှာ ပိုးတွေ့တာပါ။ ကျန်တစ်ယောက်က ပထမအကြိမ်စစ်ဆေးတဲ့အခါမှာ ပိုးတွေ့တာပါ။ သူတို့ပြန်လာတဲ့နေ့ရက်တွေ ပြန်လာတဲ့လမ်းကြောင်းတွေ စုံစမ်းနေပါတယ်။ သူတို့ကျန်းမာရေးက ကောင်းပါတယ်။ အနံပျောက်တာ၊ အရသာပျောက်တာတွေရော မရှိဘူး။”လို့ ကနီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိုက်စိုးထွန်းက ပြောပါတယ်။

အဲဒီပိုးတွေ့လူနာနှစ်ဦးဟာ ထောက်ကြံ့အိုင်ကျေးရွာက အသက် ၃၀ နှစ်အရွယ် အမျိုးသမီး တစ်ဦးနှင့် ပျဉ်းမော်ရွာက အသက် ၁၇ နှစ်အရွယ် အမျိုးသား တစ်ဦးတို့ ဖြစ်ပါတယ်။ သူတို့ကိုလည်း ကနီမြို့ပြည်သူ့ဆေးရုံကို ပို့ဆောင်သွားမှာဖြစ်ပြီး ဆေးကုသမှုပေးသွားမယ်လို့လည်း သိရပါတယ်။

အခုလက်ရှိ စစ်ကိုင်းတိုင်းဒေသကြီးမှာ မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိတဲ့အထဲက ၂၁ မြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၁၂၀ ဦးရှိပြီး ဆေးရုံကနေ ဆင်းခွင့်ရသူ ၃၈ ဦးရှိတယ်လို့လည်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုကွန်ရက်စာမျက်နှာကတဆင့် ထုတ်ပြန်ချက်အရ သိရပါတယ်။

ပိုတေး

error: Content is protected !!