Home > သတင်း > ကျန်းမာရေး > မင်းကင်းမြို့နယ်တွင် ပထမဆုံး ကိုဗစ်အတည်ပြုလူနာတစ်ဦး တွေ့ရှိ

မင်းကင်းမြို့နယ်တွင် ပထမဆုံး ကိုဗစ်အတည်ပြုလူနာတစ်ဦး တွေ့ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်မှာ ပထမဆုံးသော ကိုဗစ်အတည်ပြုလူနာ အမျိုးသမီးတစ်ဦး တွေ့ရှိရတယ်လို့ စစ်ကိုင်းတိုင်း COVID – 19 ထိန်းချုပ်ရေးနှင့် တုန့်ပြန်ရေးကော်မတီရဲ့ ကနဦး ထုတ်ပြန်ချက်အရ သိရပါတယ်။ အဲဒီပိုးတွေ့ရှိလူနာအမျိုးသမီးက ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် Asia မှန်ဘီလူးစက်ရုံကနေ ပြန်လာသူဖြစ်ပြီး မင်းကင်းမြို့ အမှတ် ၃ ရပ်ကွက် အလကကျောင်းမှာ Quarantine ထားရှိသူဖြစ်ကာ Swab နမူနာ ရယူစစ်ဆေးခဲ့ကနေ ရောဂါပိုးတွေ့ရှိခဲ့တာပါ။

“မင်္ဂလာဒုံမြို့နယ် Asia မှန်ဘလူးစက်ရုံကနေ ပြန်လာတဲ့သူ ၄ ယောက်ထဲမှာ တစ်ယောက်တွေ့တာပါ။ သူနဲ့ထိတွေ့ခဲ့တဲ့ ကားသမားအပါအဝင် ၅ ယောက်ကို Second time အနေနဲ့ Swab ယူစစ်ဆေးမယ်။ ကျန်းမာရေးအခြေအနေက ကောင်းပါတယ်။”လို့ မင်းကင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းဗိုလ်က ပြောပါတယ်။

အဲဒီပိုးတွေ့ရှိလူနာက အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး မင်းကင်းမြို့နယ်၊ ရှမ်းတောကျေးရွာမှာ နေထိုင်သူဖြစ်သည်။ လက်ရှိမှာ ကိုဗစ်ပိုးတွေ့အမျိုးသမီးကို မင်းကင်းမြို့နယ် ပြည်သူ့ဆေးရုံရှိ Isolation Ward ကို ရွှေ့ပြောင်း ကုသပေးနိုင်ဖို့လည်း မြို့နယ် ကိုဗစ်အရေးပေါ်တုန့်ပြန်ရေးကော်မတီက စီစဉ်ထားပါတယ်။ ဒါ့အပြင် ရွှေဘိုမြို့ မြို့ရှောင်လမ်း ကျန်းမာရေးစစ်ဆေးရေးဂိတ်မှာလည်း အောက်တိုဘာလ ၇ ရက်နေ့ မနက်ပိုင်းက ကုန်တင်ယာဉ်  ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၂၄၆ ဦးကို ကိုဗစ် ၁၉ ရောဂါပိုးရှိမရှိ Test Kit တွေနဲ့ စစ်ဆေးခဲ့ရာမှာ အမျိုးသားတစ်ဦးထံကနေ ကိုဗစ်ရောဂါပိုးတွေ့ခဲ့ပါသေးတယ်။ နောက်ထပ်အနေနဲ့လည်း ဒီပဲယင်းမြို့နယ်၊ မူးရိုးကုန်းကျေးရွာ ကွာရင်တင်းစင်တာမှာ နေထိုင်နေတဲ့ ရန်ကုန်ပြန် အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးထံကနေ ကိုဗစ်ပိုးတွေ့ရှိခဲ့ပါသေးတယ်။ အခုလက်ရှိ စစ်ကိုင်းတိုင်းဒေသကြီးမှာ မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိတဲ့အထဲက ၂၁ မြို့နယ် ကိုဗစ်အတည်ပြုလူနာ ၁၁၂ ဦးရှိပြီး ဆေးရုံမှ ဆင်းခွင့်ရသူ ၃၈ ဦးရှိတယ်လို့လည်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့Page က ထုတ်ပြန်ချက်အရ သိရပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ အောက်တိုဘာလ ၇ ရက်နေ့ ည ၈ နာရီအချိန် ထုတ်ပြန်ချက်အရ ရောဂါပိုးတွေ့ရှိသူ လူနာသစ် ၁၄၀၀ ဦးတွေ့ရှိခဲ့ပြီး ၃၉ ဦးသေဆုံးခဲ့ကာ ဆေးရုံဆင်းခွင့်ရသူ ၃၀၂ ဦးရှိတယ်လို့ သိရပါတယ်။

သူရိယထက်

error: Content is protected !!