Home > သတင်း > ကျန်းမာရေး > NLD ပါတီ ၃၂ နှစ် မြောက် အထိမ်းအမှတ်အဖြစ် မုံရွာတွင် Mask တစ်သောင်းဝေငှ

NLD ပါတီ ၃၂ နှစ် မြောက် အထိမ်းအမှတ်အဖြစ် မုံရွာတွင် Mask တစ်သောင်းဝေငှ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရဲ့ ၃၂ နှစ် မြောက် ပါတီတည်ထောင်ခြင်း အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာ စက်တင်ဘာလ ၂၇ ရက်နေ့ မနက်ပိုင်းက လမ်းပေါ်သွားလာနေသူတွေကို Mask တစ်သောင်း အခမဲ့ ပေးဝေခဲ့ပါတယ်။ Mask တွေဝေငှတာကို မုံရွာမြို့၊ မြို့တော်ခန်းမရှေ့နေရာ၊ ချင်းတွင်းရတနာစျေးအနီးနေရာနှင့် မုံရွာမြို့နယ် NLD ရုံးရှေ့တို့မှာ မုံရွာမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကဦးဆောင် ပြုလုပ်ခဲ့ကြတာပါ။

“ကျွန်မတို့ မဲဆွယ်စည်းရုံးရေးအနေနဲ့ ခဏရပ်နားထားပါတယ်။ ဒါပေမယ့်လည်း Mask တွေဝေဖို့လိုလာတယ် မနေ့ကလဲ မုံရွာမှာ Positive တစ်ယောက်တွေ့တယ်။ ဒါ့ကြောင့် Mask ဝေငှပေးဖို့ကိစ္စ အမြန်ဆုံး စီစဉ်လိုက်ရတာဖြစ်တယ်။ ပြီးတော့ ဒီနေ့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ၃၂ နှစ်မြောက်ဖြစ်တယ်။ အဲဒီအထိမ်းအမှတ်အနေနဲ့လဲ Mask တွေဝေငုနေတာပါ။”လို့ မုံရွာမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ပါတီ၏ ဒုဥက္ကဌ ဒေါ်ခင်ဆွေဝင်းက ပြောပါတယ်။

မုံရွာမြို့ရှိ ပြည်သူလူထုအနေနဲ့ အပြင်ထွက်သွားလာရင် Mask တပ်ဆင်လာတာက အရင်ထက်စာရင် များပြားလာတယ်တဲ့ အနေအထားမှာလည်း ရှိနေပါတယ်။ Mask တပ်ဆင်မှု များပေမယ့် သွားလာလှုပ်ရှားနေကြတာကတော့ ပုံမှန်အနေအထားမှာ ရှိနေတာပါ။

“Mask တွေကို တော်တော်များများ တပ်ဆင်လာကြတယ်။ ပြည်သူတွေကို Mask လေးတွေ ဝေပေးခြင်းအားဖြင့် ပြည်သူတွေအနေနဲ့ အကုန်ကျသက်သာစေတယ်။ လမ်းပေါ်တွေမှာ ကြည့်လိုက်တိုင်း Mask မတပ်တဲ့ဦးရေက နည်းပါတယ်။ တပ်ဆင်ပြီးသား Mask တွေကို ကြွပ်ကြွပ်အိတ်နဲ့ ပစ်စေချင်တယ်။ လမ်းပေါ်မှာ စနစ်တကျမဟုတ်ဘဲနဲ့ စွန့်ပစ်ထားတာတွေ ရှိပါတယ်။ ဒါကြောင့် တပ်ဆင်ပြီးသား Mask တွေကို စနစ်တကျနဲ့ စွန့်ပစ်ဖို့လိုပါတယ်။”လို့လည်း NLD ပါတီဝင်တစ်ဦးက ပြောပါတယ်။

မုံရွာမြို့မှာ  ကိုဗစ်အတည်ပြုလူနာ အမျိုးသားတစ်ဦးကို စက်တင်ဘာလ ၂၆ ရက်နေ့ကတွေ့ရှိခဲ့ပြီး မုံရွာမြို့ပြည်သူဆေးရုံကြီးရှိ Isolation Ward မှာ သီးခြားထားရှိကာ စောင့်ကြည့် ကုသပေးနေပါတယ်။ စစ်ကိုင်းတိုင်းမှာလည်း ကိုဗစ်အတည်ပြုလူနာက တစ်ရက်ထက် တစ်ရက် များများလာနေပါတယ်။

သူရိယထက်

error: Content is protected !!