Home > သတင်း > တရားဉပဒေစိုးမိုးရေး > ပုလဲမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီက ရွာသား ၂၀ ကျော်ကို ရွေးကောက်ပွဲဉပဒေနဲ့ အမှုဖွင့်

ပုလဲမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီက ရွာသား ၂၀ ကျော်ကို ရွေးကောက်ပွဲဉပဒေနဲ့ အမှုဖွင့်

ဓာတ်ပုံ-MMK News
ဓာတ်ပုံ-MMK News

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ မွေ့တုံကျေးရွာသား ၂၁ ယောက်ကို မဲဆွယ်စည်းရုံးမှုကို ဟန့်တားနှောက်ယှက်ခဲ့လို့ဆိုပြီး ပြည်ခိုင်ဖြိုးပါတီကနေ တရားလိုပြုလုပ်ကာ စက်တင်ဘာလ ၂၅ ရက်နေ့က ပုလဲမြို့မရဲစခန်းမှာ ရွေးကောက်ပွဲဉပဒေနဲ့ အမှုဖွင့်တိုင်းကြားခဲ့ပါတယ်။ ပုလဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေနဲ့ မဲဆွယ်စည်းရုံးနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲအဖွဲ့ခွဲရုံးကို တရား၀င် အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။ သူတို့ မဲဆွယ်စည်းရုံးရေးလုပ်တဲ့အခါမှာ ဒေသခံကျေးရွာသားတွေက အုပ်စုလိုက် ဟန့်တား နှောင့်ယှက်ခဲ့ကြတာလို့ ပုလဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီ တာဝန်ရှိသူက ပြောပါတယ်။

“ကျနော်တို့က မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရဲ့ တရား၀င်ခွင့်ပြုချက်နဲ့ မဲဆွယ်စည်းရုံးခဲ့တာ။ ကျေးရွာအချို့ကို သွားကြတယ်။ မွေ့တုံကျေးရွာအရောက်မှာ NLD အကျ်ီတွေ ဝတ်ဆင်ထားကြတဲ့လူတွေက ကျနော်တို့ကို ဆဲဆိုတယ်။ ကျနော်တို့ရဲ့ကားကို သွားလို့မရအောင် ဟန့်တားနှောင့်ယှက်တာတွေ လုပ်တယ်။ အုပ်စုဖွဲ့ပြီး ကျနော်တို့က ဟန့်တား နှောင့်ယှက်ခဲ့တယ်။ အဲဒါကြောင့် ကျနော်က ကျေးရွာသား ၂၁ ယောက်ကို ပုလဲရဲစခန်းမှာ အမှုဖွင့်လိုက်တာ။”လို့ ပုလဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ကော်မတီဝင် နယ်မြေတာဝန်ခံ ဦးလှသန်း ကပြောပါတယ်။

ပုလဲမြို့နယ်၊ မွေ့တုံကျေးရွာသားတွေက ပုလဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်မြင့်ဉီးနဲ့ အဖွဲ့ကို ရှေ့ဆက်ပြီး သွားလာလို့ မရအောင် အရှေ့ကနေ ပိတ်ရပ်ပြီး အကြမ်းဖက်တာတွေ၊ ဆူညံအော်ဟစ်ဆဲဆိုတာတွေ စတာတွေကို လုပ်ခဲ့တာလို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး NLD ပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းလည်းဖြစ်၊ တိုင်းရွေးကောက်ပွဲအောင်နိုင်ရေးဉက္ကဌလည်းဖြစ်တဲ့ ဒေါ်ခင်စန်းလှိုင်ကတော့ “ရွေးကောက်ပွဲကာလဆိုတော့ ဒီလိုမျိုး တစ်ဖွဲ့နဲ့တစ်ဖွဲ့ ပွတ်တိုက်မှုတွေကတော့ ရှိနေမှာပဲ။ ဒါကိုလည်း ကျွန်မတို့က ကော်မရှင်နှင့် ပဋိပက္ခဖြေရှင်းရေးအဖွဲ့တွေနဲ့တော့ ညှိနှိုင်းတိုင်ပင်ပြီးတော့ ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်ရှင့်။ ကျွန်မတို့ပါတီကနေတော့ ဒီနေ့ထိ အခုလိုမျိုးကိစ္စနဲ့ တရားစွဲဆိုတာတွေတော့ မရှိသေးပါဘူး”လို့ မျက်မှောက်ခေတ်ရဲ့ ဆက်သွယ်မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့တာပါ။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ ရက်နေ့ကလည်း ယင်းမာပင်မြို့နယ်မှာ ပြည်ခိုင်ဖြိုးပါတီရဲ့ မဲဆွယ်စည်းရုံးရေးခရီးစဉ်တွေမှာ NLD ပါတီအင်္ကျီဝတ်ဆင်ထားသူတွေက အော်ဟစ်ဆဲဆို ဟန့်တားနှောင့်ယှက်လို့ဆိုပြီး ပြည်ခိုင်ဖြိုးပါတီမြို့နယ်ဉက္ကဌကနေ ခရိုင်ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားမှု ရှိခဲ့ပါသေးတယ်။

ပုလဲမြို့နယ်ကဖြစ်စဉ်နဲ့ ပက်သက်ပြီး ပါတီရဲ့ တာဝန်ပေးချက်အရ ဦးလှသန်းကနေ တရားလိုတိုင်တန်းခဲ့တဲ့အတွက် ပုလဲမြို့မရဲစခန်းက မွေ့တုံကျေးရွာသား ၂၁ ယောက်ကို (ပ)၂၁၄/၂၀၂၀၊၂၀၁၀ ခုနစ် ပြည်ထောင်စုလွှတ်တော်ရွေးကောက်ပွဲဥပဒေ (ဥပဒေအမှတ် ၃/၂၀၁၀) ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၇/၁၁၄ တွေနဲ့ အမှုဖွင့်ခဲ့တာလို့ သိရပါတယ်။

error: Content is protected !!