Home > သတင်း > ကျန်းမာရေး > မုံရွာတွင် ကိုဗစ်အတည်ပြု ပိုးတွေ့လူနာအသစ် ပထမဆုံးတွေ့ရှိ

မုံရွာတွင် ကိုဗစ်အတည်ပြု ပိုးတွေ့လူနာအသစ် ပထမဆုံးတွေ့ရှိ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရရုံးစိုက်ရာ မုံရွာမြို့တွင် ရန်ကုန်ကပြန်လာပြီး Quarantine ဝင်နေသူတစ်ဦးထံကနေ ကိုဗစ်ပိုးတွေ့ရှိရတယ်လို့ တိုင်းအစိုးရ ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီကနေ ကနဦးသတင်း ထုတ်ပြန်လိုက်ပါတယ်။ ပိုးတွေ့သူက အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပါတယ်။ ပိုးတွေ့လူနာဟာ ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ်ကနေ ပြန်လာသူဖြစ်ပြီး မုံရွာမြို့နယ် အလုံ ခဝဲကျင်းစာသင်ကျောင်းမှာ Quarantine ထားရှိကာ စက်တင်ဘာ ၂၅ ရက်နေ့က Swabနမူနာယူ၍ စစ်ဆေးခဲ့ရာ ဒီကနေ စက်တင်ဘာ ၂၆ ရက်နေ့ ညနေပိုင်းက ရောဂါပိုးတွေ့ရှိခဲ့တာပါ။

“ဟုတ်ပါတယ်။ သူက ရန်ကုန်တိုင်း၊ တောင်ဒဂုံကနေ ပြန်လာသူပါ။ လာကတည်းက Quarantine ဝင်တာပါ။ သူပြန်လာတဲ့ကားထဲမှာ ကားသမားနဲ့ကားစပယ်ယာ ၃ ယောက်ပဲပါတယ်ပြောတယ်။ အဲကားက ဘယ်ကကားဘဲဆိုတာ လိုက်နေပါတယ်။”လို့ မုံရွာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးကပြောပါတယ်။

ပိုးတွေ့ရှိလူနာအမျိုးသားကို မုံရွာမြို့ပြည်သူဆေးရုံတွင် သီးသန့်ထားရှိ၍ အနီးကပ်ကျန်းမာရေးစောင့်ရှောက်ပေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့အပြင်

တိုင်းအစိုးရရဲ့ စက်တင်ဘာလ ၂၆ ရက်နေ့ ညပိုင်းထုတ်ပြန်ချက်အရ မုံရွာမှာ ကိုဗစ်အတည်ပြုလူနာတစ်ဦးနှင့် ရွှေဘိုမြို့မှာလည်း အသက် ၃၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ဆီကနေ ကိုဗစ်ပိုးတွေ့ရတယ်လို့ ထုတ်ပြန်ထားတာပါ။ အားလုံးက ရန်ကုန်ပြန်တွေပဲဖြစ်ပြီး မနက်ပိုင်းကလည်း ကလေးမြို့က ၂ ဦးနှင့် ကနီမြို့က ၂ ဦး စုစုပေါင်း ၄ ဦးတွေ့ရှိခဲ့ပြီး ဒီနေ့တစ်ရက်ထဲမှာ ပိုးတွေ့လူနာ တိုင်းအတွင်း ၆ ဦးတွေ့ရှိရတာပါ။

စစ်ကိုင်းတိုင်းမှာ မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိတဲ့အထဲက မြို့ပေါင်း ၂၀ အထိ တွေ့ရှိလာနေရတာပါ။ ပိုးတွေ့လူနာအနေနဲ့လည်း စုစုပေါင်း ၄၄ ဦးထိ ရှိလာနေပြီဖြစ်ကာ ဆေးရုံက ဆင်းခွင့်ရသူကတော့ ၉ ဦးရှိနေပြီဖြစ်ပါတယ်။ ပိုးတွေ့လူနာစုစုပေါင်း ၄၄ ဦးထဲမှာ မော်လိုက်၊ ကလေး၊ ခင်းဦးတို့က လူနာတစ်ချို့ကတော့ ရန်ကုန်မှာ ပိုးတွေ့တာဖြစ်ပြီး ရန်ကုန်မှာပဲ ကုသမှု ခံယူနေကာ ဝက်လက်နှင့် စစ်ကိုင်းက လူနာတစ်ချို့ကတော့ မန္တလေးမှာ တွေ့ရှိတာဖြစ်လို့ မန္တလေးမှာပဲ ကုသမှု ခံယူနေတာပါ။ တိုင်းအတွင်း ပိုးတွေ့လူနာ အများဆုံးမြို့နယ်တွေကတော့ ကလေးမြို့နယ်နှင့် ရွှေဘိုမြို့နယ်တို့ကဖြစ်ပါတယ်။ လက်ရှိပိုးတွေ့လူနာတွေက စက်တင်ဘာလအတွင်း တွေ့ရှိတာတွေဖြစ်ပြီး ကိုဗစ်စတင်ဖြစ်ပွားစဉ်ကလည်း စစ်ကိုင်းတိုင်းမှာ ၉ ဦး ပိုးတွေ့လူနာ ရှိခဲ့ပါသေးတယ်။ လက်ရှိအချိန်ထိတော့ သေဆုံးသူ မရှိသေးသလို Stay At Home ကြေငြာတဲ့ မြို့နယ်လည်း မရှိသေးပါဘူး။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ည ၈ နာရီ သတင်းထုတ်ပြန်ချက်အရ ပိုးတွေ့လူနာသစ် ၈၈၀ ဦး၊ စုစုပေါင်း ရောဂါတွေ့ရှိသူ ၉၉၉၁ ဦး၊ ဆေးရုံက ဆင်းခွင့်ရသူ ၂၆၈၁ ဦးနှင့် သေဆုံးသူ ၁၉၈ ဦးထိ ရှိပြီလို သိရပါတယ်။

သူရိယထက်

error: Content is protected !!