စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိတဲ့အထဲမှာ ၁၈ မြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၃၇ ဦးထိ ရှိလာနေပြီဖြစ်ပါတယ်။ အဲဒီထဲမှာ ကလေးမြို့နယ်က ၁ ဦး၊ အင်းတော်မြို့နယ်က ၁ ဦး၊ တန့်ဆည်မြို့နယ်က ၁ ဦးနှင့် မြင်းမူမြို့နယ်က ၁ ဦးတို့ကတော့ ရောဂါသက်သာပျောက်ကင်းသွားပြီဖြစ်တဲ့အတွက် သက်ဆိုင်ရာဆေးရုံတွေကနေ ဆင်းခွင့်ပြုထားတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး Coronavirus Disease 2019 (COVID – 19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက သိရပါတယ်။ ကိုဗစ်အတည်ပြုလူနာ ၃၇ ဦးမှာ
ကလေးမြို့နှင့် ရွှေဘိုမြို့တို့မှာ ၇ ဦးစီ၊ စစ်ကိုင်းနှင့် ခင်ဦးမြို့တို့မှာ ၃ ဦးစီ၊ ကောလင်း၊ ကသာနှင့် တန့်ဆည်တို့မှာ ၂ ဦးစီနှင့် အင်းတော် ၊ မြောင်၊ မြင်းမူ၊ မော်လိုက်၊ ဘုတလင်၊ အရာတော်၊ ဒီပဲယင်း ၊ ဟုမ္မလင်း၊ ဝက်လက်၊ ဖောင်းပြင်၊ ချောင်ဦး စတဲ့မြို့နယ်တွေမှာ ၁ ဦးစီ တွေ့ရှိထားပါတယ်။
“ကိုဗစ်ရောဂါ ကူးစက်မှုနှုန်းကတော့ ပထမထက် အခုလှိုင်းက ပိုမြန်ပါတယ်။ သေဆုံးမှုနှုန်းက များပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးမှာဆိုရင် မြို့နယ်တော်တော်များများမှာ ကူးစက်ပြန့်နှံ့နေပြီဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးတွေကိုခရိုင်လိုက် တာဝန်ချထားပေးပြီးဖြစ်ပါတယ်။ ရောဂါကူးစက်ခံရတဲ့သူတွေ နိုင်နိုင်နင်းနင်းလုပ်ဆောင်ထားပါတယ်။ လူနာတွေရဲ့အခြေအနေကောင်းပါတယ်။ စိုးရိမ်ရတဲ့အခြေအနေတစ်ယောက်မျှမရှိပါဘူး။”လို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက ပြီးခဲ့တဲ့ ရက်ပိုင်းက ပြောဆိုထားပါတယ်။
ကိုဗစ်အတည်ပြုလူနာ ၃၇ ဦးထဲကနေ ကလေး၊ မော်လိုက်နှင့် ခင်ဦးမြို့နယ်တို့က လူနာ ၃ ဦးဟာ ရန်ကုန်မှာ ရှိနေစဉ် စစ်ဆေးရာကနေ ပိုးတွေ့ရှိခဲ့ပြီး ရန်ကုန်မြို့မှာ ဆေးကုသမှုခံယူနေသလို စစ်ကိုင်းက လူနာတစ်ဦးနှင့် ဝက်လက်မြို့နယ်ကတစ်ဦးတို့ကလည်း မန္တလေးမှာ ဆေးကုသမှု ခံယူနေပါတယ်။
အရင်က စစ်ကိုင်းတိုင်းတိုင်းဒေသကြီးမှာ ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိသူ ၉ ဦးရှိခဲ့ပြီး ကလေးမြို့က ၆ ဦးနှင့် စစ်ကိုင်းမြို့က ၃ ဦးဖြစ်ကာ သူတို့ကတော့ ရောဂါပြန်လာသက်သာလာလို့ ဆေးရုံကနေ ဆင်းခွင့်ပြုထားပြီးဖြစ်ပါတယ်။ လက်ရှိအချိန်ထိ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကိုဗစ်ကူးစက်ခံရသူတွေမှာ သေဆုံးလူနာ မတွေ့ရှိရသေးပါဘူး။ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ကိုဗစ် ၁၉ ရောဂါထိန်းချုပ်နိုင်ရေးအတွက် စားသောက်ဆိုင်၊ လ္ဘက်ရည်ဆိုင်တွေကို ပါဆယ်စနစ်နဲ့ ရောင်းချခိုင်းတဲ့အပြင် မဖြစ်မနေဖွင့်ရမယ့် စျေးတွေ၊ ဆေးဆိုင်တွေကိုတော့ ကျန်းမာရေး အကန့်အသတ်တွေနဲ့ ဖွင့်ခွင့်ပြုထားပြီး ကုန်စည်စီးဆင်းမှုမပြတ်လပ်အောင် ကုန်တင်ကားတွေ၊ ချင်းတွင်းမြစ်အတွင်း ပြေးဆွဲနေတဲ့ ကုန်တင်ရေယာဉ်တွေကိုတော့ သွားလာခွင့် ပေးထားပါတယ်။ ခရီးသည်တင် ကားလိုင်းနှင့် ရေယာဉ်လိုင်းတွေကိုတော့ ရက်အကန့်အသတ်မရှိ ပိတ်ထားပါတယ်။
သူရိယထက်