စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ပင်လည်ဘူးမြို့နယ်၊ ပင်ကြိုင်းကျေးရွာ တောင်ကျောင်းမှာ သီတင်သုံးနေတဲ့ ဘုန်းကြီးသုံးပါးကို ပင်လည်ဘူးမြို့မရဲစခန်းက စက်တင်ဘာလ ၂၄ ရက်နေ့က လူဝတ်လဲပြီး လူသတ်နဲ့ အမှုဖွင့်အရေးယူလိုက်တယ်လို့ သိရပါတယ်။
“လူသတ်မှုနဲ့ အရေးယူထားတာ ဟုတ်တယ်။ သူတို့နာမည်တွေက တက္ကသီလ ဓမ္မာစရိယ (BA/MA) ဘွဲ့ရ ဆရာတော် ဉူးတေဇနိယ (ခ) မောင်ပြုံး၊ ဥူးသီရိနန္ဒ (ခ) ဇော်ဝင်းနိုင်နှင့် ဥူးတေဇိန္ဒ (ခ) နေမျိုးမောင် သူတို့သုံးပါးကို မြို့နယ်သံဃာ့ နာယက ဆရာတော်တွေက သံဃာ့ကျင့်ဝတ်နဲ့အညီ လူဝတ်လဲပြီး တရားဥပဒေအရ အရေးယူဖို့ ဆောင်ရွက်ခဲ့တာပါ။”လို့ ပင်လည်ဘူးမြို့မရဲစခန်းက ရဲဝန်ထမ်းတစ်ဦးက ပြောပါတယ်။
ပျံလွန်တော်မူသွားတဲ့ ကိုရင်လေးက ရှင်ရာဇိန္ဒ (ခ) မောင်သစ်ဆန်း ဖြစ်ပြီး စက်တင်ဘာလ ၂၃ ရက်နေ့ညက ဖုန်းပျောက်တာကနေ မသင်္ကာလို့ဆိုပြီး ဉီးဇင်းသုံးပါးက ဝါယာကြိုးတွေ၊ ဝါးခြမ်းပြားတွေအသုံးပြုကာ ရိုက်နှက်စစ်ဆေးတာကနေ လက်လွန်ခဲ့တာလို့ ရဲတပ်ဖွဲ့သတင်းတွေအရ သိရပါတယ်။ ရိုက်နှက်ဒဏ်ခံရတဲ့ ကိုရင်လေးကို ဆေးရုံပို့စဉ် လမ်းမှာပဲ ပျံလွန်တော်မူသွားတာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ပြစ်မှုကျူးလွန်တဲ့ ဦးဇင်းသုံးပါးကို လူဝတ်လဲကာ ပင်လည်ဘူးမြို့မရဲစခန်းက (ပ)၉၃/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ တို့နဲ့ အမှုဖွင့် ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
မေဇင်မြင့် (မျက်မှောက်ခေတ်)