Home > သတင်း > ဒေသတွင်းသတင်း > ပြည်ခိုင်ဖြိုးပါတီမဲဆွယ်စည်းရုံးတာကို NLD အင်္ကျီဝတ်ဆင်ထားသူတွေက ရိုင်းပြစွာ ပြောဆိုနှောင့်ယှက်ခဲ့လို့ ကော်မရှင်ကို တိုင်တန်း

ပြည်ခိုင်ဖြိုးပါတီမဲဆွယ်စည်းရုံးတာကို NLD အင်္ကျီဝတ်ဆင်ထားသူတွေက ရိုင်းပြစွာ ပြောဆိုနှောင့်ယှက်ခဲ့လို့ ကော်မရှင်ကို တိုင်တန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်အတွင်းက ကျေးရွာတချို့မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက မဲဆွယ်စည်းရုံးရေးဆင်း၊ ဆိုင်းဘုတ်တင်တာတွေ သွားလုပ်ရာမှာ NLD အင်္ကျီဝတ်ဆင်ထားသူတွေက ရိုင်းပြစွာ ပြောဆိုနှောင့်ယှက်ခဲ့လို့ဆိုပြီး ယင်းမာပင်မြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီက ခရိုင်ရွေးကောက်ပွဲကော်မရှင်ကို တိုင်တန်းမှု စက်တင်ဘာလ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။ အခုလို တိုင်တန်းရတာက နောက်ထပ်ကျန်နေသေးတဲ့ ကျေးရွာတွေကို သွားရင်လည်း အလားတူကိစ္စရပ်တွေ ဖြစ်လာမှာကို မလိုလားတဲ့အတွက် တိုင်ရတာဖြစ်တယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ် တာဝန်ရှိသူက ပြောပါတယ်။

“ကျနော်တို့က မဲဆွယ်စည်းရုံးတာကို လေးရက်ထွက်တယ်ဗျာ။ လေးရက်စလုံးပဲ NLDပါတီ တံဆိပ်ပါ အကျ်ီတွေ ဝတ်ဆင်ထားတဲ့သူတွေကို ကျနော်တို့ကို နှောက်ယှက်တယ်။ ကျနော်တို့သွားမယ့် လမ်းကြောင်းကို ဝါးလုံးတွေနဲ့ တားတယ်ဗျာ။ ပြီးတော့ ကျနော်တို့ကို အရိုးကိုက်တွေတို့ ငါးထောင်စားတွေတို့ စစ်ခွေးတွေတို့ ဘောမတွေတို့ စစ်ဖိနပ်အောင် ပြန်ရောက်ချင်တယ်။ အဲဒီစကားလုံးတွေက ရွာတိုင်းက တူညီနေတာ။ ကျနော်တို့ကို လိုက်ပြီး နှောက်ယှက်ခဲ့တဲ့သူတွေကို အရေးယူပေးဖို့ရာအတွက် ခရိုင်ကော်မရှင်ကို ဒီကနေ့ပဲ တိုင်းကြားလိုက်တယ်။”လို့ ယင်းမာပင်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဉက္ကဌ ဦးသန်းနိုင်က ပြောပါတယ်။

အခုလို ရိုင်းပြစွာ နှောင့်ယှက်မှုတွေက စက်တင်ဘာလ ၁၉ ရက်နေ့မှာ ယင်းမာပင်မြို့နယ်အတွင်းရှိ ဝင်ကုန်းကျေးရွာမှာ ပါတီအောင်နိုင်ရေးဆိုင်းဘုတ်တင်အပြန် တစ်ကြိမ်၊ စက်တင်ဘာလ ၂၀ ရက်နေ့မှာ ကျောက်မှော်အုပ်စု၊ ကျောင်းကုန်းကျေးရွာမှာ တစ်ကြိမ်၊ စက်တင်ဘာလ ၂၂ ရက်နေ့မှာ ဘန့်ဘွေးကျေးရွာမှာ တစ်ကြိမ်၊ စက်တင်ဘာလ ၂၃ ရက်နေ့မှာ ဇီးတောကျေးရွာမှာ တစ်ကြိမ် စုစုပေါင်း ၄ ကြိမ်အထိ ကြုံတွေ့လာရတာကြောင့် သက်ဆိုင်ရာ ရွေးကော်အနေနဲ့ လိုအပ်သလို ကြီးကြပ်အရေးယူပေးဖို့ဆိုပြီး တိုင်တန်းစာမှာ ပါရှိပါတယ်။

အဲဒီဖြစ်စဉ်ကို ယင်းမာပင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဘက်က သတင်းပို့တာတွေ မရှိသလို ယနေ့အထိ ဖြစ်စဉ်အသေးစိတ်ကို အကြောင်းကြားလာတာမရှိသေးဘူးလို့ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ တိုင်းဒေသကြီး ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့၀င်တစ်ဦးက ပြောပါတယ်။

“ယင်းမာပင်မှာ အဲလိုဖြစ်တယ်ဆိုရင်တော့ ကျမ မသိပါဘူးရှင့်။ ကျမတို့ဆီကို သတင်းပို့မှ သိရမှာပါ။ ကျမတို့ဆီကို အခုလို သတင်းပို့တာတွေလည်း မရှိပါဘူး။ မနေ့ကပဲ ကျမတို့ ယင်းမာပင်မှာ NLDရဲ့ မြို့နယ်စည်းနဲ့ကော မြို့နယ်အောင်နိုင်ရေးနဲ့ကော တွေ့ပါတယ်။ ဒီလိုကိစ္စရှိခဲ့တယ်လို့ ကျမတို့ မကြားခဲ့ရဘူးပေါ့နော်။”လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးမှာရှိတဲ့ နိုင်ငံရေးပါတီအချို့မှာ လက်တလောဖြစ်ပွားနေတဲ့ COVID-19 ကြောင့် မဲဆွယ်စည်းရုံးမှုတွေကို ရပ်နားထားကြတာတွေရှိသလို တချို့မြို့နယ်တွေမှာတော့ ကိုဗစ်ကို ဂရုမစိုက်ဘဲ မဲဆွယ်စည်းရုံးရေးတွေကိုလည်း လုပ်ဆောင်နေကြပါတယ်။

error: Content is protected !!