Home > သတင်း > စီးပွားရေး > ကိုဗစ်ကြောင့် စစ်ကိုင်းတိုင်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရပ်တန့်နေ

ကိုဗစ်ကြောင့် စစ်ကိုင်းတိုင်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရပ်တန့်နေ

လက်ရှိဖြစ်ပွားနေတဲ့ ကူးစက်မြန် COVID-19 ကပ်ရောဂါကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နိုင်ငံခြားသား ရင်းနီးမြှုပ်နှံမှု ရပ်တန့်နေတယ်လို့ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန တိုင်းဦးစီးမှူးက ပြောပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြု လူနာစတင်တွေ့ရှိချိန်က ရင်းနှီးမြှုပ်နှံမှုလုပ် ငန်းရှင်တွေ လာရောက်တွေ့ဆုံမှု ရှိခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ရောဂါကာကွယ်ထိန်းချုပ်ရေးနဲ့ပတ်သက်တဲ့ စည်းမျဉ်း၊ စည်းကမ်းတွေကြောင့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်တွေအနေနဲ့ လာခွင့်မရတော့ဘဲ အင်တာနက်ကနေ ဆက်သွယ်လုပ်ဆောင်နေရတဲ့အတွက် လုပ်ငန်းရပ်တန့်နေတာဖြစ်တယ်လို့ သိရပါတယ်။

“အခုက စည်းမျဉ်စည်းကမ်းတွေနဲ့ဆိုတော့ လာချင်တိုင်း လာလို့မရတော့ဘူးလေ။ အဲ့ဒီတော့ သူတို့သိချင်တာ၊ ဖြစ်ချင်တာတွေကိုအီးမေးလ်နဲ့ပို့တယ်။ သူတို့လိုချင်တဲ့ အချက်အလက်တွေကိုလည်း ဒီဘက်က ရအောင်ပြင်ပေးတယ်။ အဲ့ဒီလိုလုပ်နေရတော့ များသောအားဖြင့် လုပ်ငန်းက တုန့်သွားတာပေါ့။”လို့ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန တိုင်းဦးစီးမှူး ဦးသန်းဇော်ဦး ကပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု ရပ်တန့်နေပေမယ့် ဆက်သွယ် မေးမြန်းလာတာတွေ ရှိနေသေးသလို ပြည်တွင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင် အနည်းငယ်တော့ ရှိနေသေးတယ်လို့ သိရပါတယ်။ ဒါပေမယ့် လုပ်ငန်းအများစုဟာ လူချင်းတွေ့ပြီး ညှိနှိုင်းဆောင်ရွက်ရတာ ဖြစ်တဲ့အတွက် အခက်အခဲတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

“ပြည်တွင်းရင်းနှီးမြှုပ်နှံမှုကတော့ အရမ်းကြီးနည်းမသွားဘူး။ သွားတယ်။ လာတယ်။ လုပ်ပေးနေရသေးတယ်။ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုကတာ ရပ်သွားတာလို့။” စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန တိုင်းဦးစီးမှူး ဦးသန်းဇော်ဦး ကပြောပါတယ်။

နိုင်ငံတွင်းမှာ ပိုးတွေ့အတည်ပြုလူနာတွေတိုးနေသလို တိုင်းအတွင်းမှာလည်း အတည်ပြုလူနာတွေ တွေ့နေရပေမယ့် ရင်းနှီးမြှုပ်နှံချင်တဲ့လုပ်ငန်းရှင်တွေကို လုပ်ကိုင်ခွင့်ပြုပေးနိုင်အောင် စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီအနေနဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်တဲ့ အစည်းအဝေးတွေကို ပုံမှန်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးမှာ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂၆) ခု၀င်ရောက်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုတန်ဖိုး မြန်မာကျပ်ငွေ (၄၆) ဘီလျံကျော်နဲ့ အမေရိကန်ဒေါ်လာ (၂၈) သန်းရှိခဲ့တယ်လို့ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက သိရပါတယ်။

error: Content is protected !!