Home > သတင်း > ကျန်းမာရေး > ဟုမ္မလင်းမြို့နယ်တွင် ကိုဗစ်အတည်ပြုလူနာ အမျိုးသမီးတစ်ဦး စတင်တွေ့ရှိ

ဟုမ္မလင်းမြို့နယ်တွင် ကိုဗစ်အတည်ပြုလူနာ အမျိုးသမီးတစ်ဦး စတင်တွေ့ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်မှာ အမျိုးသမီးငယ်တစ်ဦးထံကနေ စက်တင်ဘာလ ၁၉ ရက်နေ့ ညနေပိုင်းက ကိုဗစ်ပိုးတွေ့ရှိခဲ့တယ်လို့ ဟုမ္မလင်းမြို့နယ် ပြည်သူ့ဆေးရုံ တာဝန်ရှိသူက ပြောပါတယ်။ ကိုဗစ်ရောဂါပိုးတွေ့လူနာက ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်ကနေ အလုပ်လုပ်ပြီး ဟုမ္မလင်းမြို့နယ်၊ နမ့်တောကျေးရွာကို စက်တင်ဘာလ ၁၁ ရက်နေ့က ရောက်ရှိခဲ့ပြီး ဟုမ္မလင်းမြို့ အထက-၁ Quarantine Center မှာ ကန့်သတ်ထားကာ Swab နမူနာကို စက်တင်ဘာလ ၁၆ ရက်နေ့က ရယူပြီး မန္တလေးမြို့၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာနကို ပို့ဆောင်စစ်ဆေးခဲ့ရာမှာ ရောဂါပိုးကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့တာပါ။

“သူကတာမွေကနေ ဟုမ္မလင်းမြို့နယ် နမ့်တောရွာကို စက်တင်ဘာ ၁၁ ရက်နေ့က ရောက်ခဲ့တယ်။ သူက နမ့်တောမှာ အသိရှိလို့ရောက်တာ။ အဲဒါနဲ့သူ့ကို ဟုမ္မလင်းမြို့ အထက-၁ Quarantine Center လာပို့ထားတာ။ သူ့ကို စက်တင်ဘာ-၁၆ ရက်နေ့က Swab နမူနာယူပြီးစစ်ဆေးတာ ဒီနေ့ပဲ ရောဂါပိုးတွေ့ရှိတယ်လို့ အဖြေသိရတယ်။”လို့ ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းနိုင်ထွန်းက ပြောပါတယ်။

ကိုဗစ်၁၉ရောဂါပိုးတွေ့ရှိသူက အသက် ၂၃ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး ကလေးဝမြို့နယ်၊ မောပင်ကျေးရွာက ဖြစ်ပါတယ်။

“Positive ထွက်တာက ဒီနေ့ညနေမှသိရတယ်။ သူ့ကို ဟုမ္မလင်းမြို့ ကုတင် ၁၀၀ ဆံ့ပြည်သူ့ဆေးရုံမှာ သီးသန့်ခွဲပြီး လူနာအဆောင်မှာ ရွှေ့ပြောင်းမယ်။ ဒီမှာပဲ ကုသပေးမယ်။ သူလာတဲ့လမ်းကြောင်းတွေကို လိုက်လံစစ်နေတယ်။ သူ့ကိုလာပို့တဲ့ ကားသမားနှစ်ယောက်ရယ်၊ နမ့်တောမှာ သူနဲ့ထိတွေ့ခဲ့တဲ့သူတွေကို လိုက်လံစုံစမ်းနေပါတယ်။”လို့လည်း ဆေးရုံအုပ်ကြီးက ပြောပါတယ်။

အခုလက်ရှိ စစ်ကိုင်းတိုင်းဒေသကြီးမှာ ကိုဗစ် ၁၉ ရောဂါပိုးကူးစက်ခံထားရသူ ၁၃ ဦးအထိရှိပြီး ကလေးမြို့နယ်တွင် ၃ ဦး၊ မြင်းမူမြို့နယ်၊ ကောလင်းမြို့နယ်၊ အင်းတော်မြို့နယ်၊ မော်လိုက်မြို့နယ်၊ တန့်ဆည်မြိုနယ်၊ မြောင်မြို့နယ်၊ ဘုတလင်မြို့နယ်၊ အရာတော်မြို့နယ်၊ ဒီပဲယင်းမြို့နယ်နှင့် ဟုမ္မလင်းမြို့နယ်တို့မှာ ၁ ဦးစီ‌ ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရတာလည်း ဖြစ်ပါတယ်။

သူရိယထက်

error: Content is protected !!