Home > သတင်း > ဒေသတွင်းသတင်း > မုံရွာမြို့ ကန်သာယာ သာယာလှပရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အောက်တိုဘာလအတွင်း ပြီးစီးရန်မျှော်မှန်း

မုံရွာမြို့ ကန်သာယာ သာယာလှပရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အောက်တိုဘာလအတွင်း ပြီးစီးရန်မျှော်မှန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ အများပြည်သူ အပန်းဖြေနိုင်ရန်အတွက် ကန်သာယာ သာယာလှပရေးနှင့် ဖွံ့ဖြိုးရေးစီမံကိန်းကို တိုင်းဒေသကြီးအစိုးရရဲ့ အစီအစဉ်နဲ့ အကောင်အထည်ဖော် လုပ်ဆောင်နေပါတယ်။ လက်ရှိမှာ ကန်သာယာပတ်လမ်း၊ စတီးလက်ရမ်း၊ မြေထိန်းကျောက်စီတာ စတဲ့ လုပ်ငန်းတွေကို တင်ဒါတွေနဲ့ ဇူလိုင်လကစတင် လုပ်ဆောင်ခဲ့ပြီး လာမယ့် ရွေးကောက်ပွဲမတိုင်ခင် အောက်တိုဘာလမှာ ပြီးစီးဖို့ မျှော်မှန်းထားတယ်လို့ တိုင်းစည်ပင်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ “မုံရွာမြို့၊ ကန်သာယာသန့်ရှင်းသာယာလှပရေး စီမံကိန်းကို ပြည်သူတွေအပန်း ဖြေ အနားယူတဲ့ နေရာဖြစ်အောင် ဆောင်ရွက်နေတာပါ။ ကန်သာယာပတ်လည်‌ ပေပေါင်း (၁၁၄၀၀) ကို မြေထိန်းနံရံ ကျောက်ရိုးတွေစီမယ်၊ (၅)ပေအကျယ် လျောက်လမ်းနဲ့ (၁၈)ပေအကျယ်လမ်းတွေ လုပ်မယ်၊ နောက်ပြီးတော့ ကန်ပတ်လည်ကို မီးတိုင်(၁၂၃)ကို ဆောင်ရွက်သွားမှာပါ၊အဲဒါတွေအားလုံးကို(၁/၂၀၁၇)အရ တင်ဒါခေါ်ယူဆောင်ရွက်ခဲ့တာ အခုဆိုရင် လုပ်ငန်း အားလုံး(၇၀)ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ပါတယ်။ ကျောက်ထုတ်လုပ်ငန်းတွေဆိုရင် အားလုံးနီးပါးပြီးသွားပြီဖြစ်ပါတယ်။ (၅) ပေအကျယ်လျှောက်လမ်းတွေ၊ ကွန်ကရစ်လမ်းတွေ ခင်းနေပြီဖြစ်ပါတယ်။ မီးတိုင်လုပ်ငန်းတွေဆိုလည်း Underground မီးကြိုးတွေ မြုပ်တာတို့ မီးတိုင်ထောင်ဖို့အတွက် Footing ကွန်ကရစ် လောင်းတာတွေ တော်တော်များများပြီးစီးလို့ တိုင်ထူနေပြီဖြစ်ပါတယ်။ အောက်တိုဘာလ (၁၀) ရက်နေ့အတွင်း ပြီးစီးမယ်လို့ မျှော်မှန်းထားပါတယ်။”လို့ စစ်ကိုင်းတိုင်းဒေသကြီး စည် ပင်သာယာရေးအဖွဲ့၊ ဒုတိယ အင်ဂျင်နီယာမှူးကြီး ဦးမြင့်အောင် ကပြောပါတယ်။

မုံရွာမြို့မှာ အရင်က အများပြည်သူအပန်းဖြေစရာ နေရာကျယ်ကျယ်ဝန်းမရှိလို့ ကန်သာယာကို အပန်းဖြေနေရာအဖြစ် ဖော်ဆောင်တာဖြစ်ကာ ကလေးကစားကွင်းတွေ၊ လှေပြိုင်ပွဲတွေ၊ ရိုးရာနှင့်ပတ်သက်တဲ့ပွဲတွေ ကျင်းပပေးသွားမှာြဖစ်တယ်လို့လည်း သိရပါတယ်။

“စစ်ကိုင်းတိုင်းဒေသကြီးမြို့တော်ဖြစ်တဲ့ မုံရွာမြို့မှာဆိုရင် အများပြည်သူအပန်းဖြေဖို့ နေရာကျယ်ကျယ် ဝန်းဝန်းက ဟိုအရင်က မရှိဘူး။ ကန်သာယာစီမံကိန်းပြီး သွားပြီးဆိုရင်တော့ ကန်သာယာပတ်လည်မှာ အ ပန်းဖြေ အနားယူလို့ရမယ်။ ကလေးကစားကွင်းတွေလည်း ပါဝင်မှာဖြစ်တဲ့အတွက် ကလေးတွေလည်း က စားလို့ရမယ်။ ဒီကန်သာယာထဲမှာဆိုလည်း နောက်ပိုင်းမှာ လှေပြိုင်ပွဲတွေ ကျင်းပမယ်။ ရိုးရာနဲ့ပတ်သက်တဲ့ပွဲတွေလည်း ဆောင်ရွက်လို့ရတယ်။ အဓိကကတော့ မုံရွာမြို့မှာရှိတဲ့ ပြည်သူတွေတင်မက မုံရွာမြို့ကို လာရောက်လည်ပတ်ကြတဲ့ ဘယ်သူမဆို ကန်သာယာကို ရောက်ဖူးမှ ခေတ်မီမယ်ဆိုတာမျိုး အဲဒီလိုမျိုးကို ကျနော်တို့က အားလုံးကို တကယ်ကို သာသာယာယာလှလှပပနဲ့ ကလေးကစားကွင်းတွေရော အစစအရာရာ ပြည့်ဆုံအောင် ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”လို့ စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၊ ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးမြင့်အောင် က ပြောပါတယ်။

ကန်သာယာ သာယာလှပရေးနှင့် ဖွံ့ဖြိုးရေးအတွက် ကန်သာယာကန်ဘောင်မြေထိမ်းနံရံ RC ကျောက်ထုပ်လုပ်ငန်း ၁၁၄၀၉ ပေကို ကျပ် ၅၀၁ သန်း၊ စတီးလက်ရမ်းတပ်ဆင်လုပ်ငန်း ၁၁၃၆၀ ပေကို ကျပ်သန်း ၄၈၀ ကျော်၊ မီးတိုင်စိုက်ထူလုပ်ငန်း ၁၂၃ တိုင်ကို ကျပ်သန်း ၂၁၀ ကျော်နှင့် ကန်သာယာပတ်လည် ၂၃ ပေအကျယ် ကွန်ကရစ်လမ်းခင်းတာကို ၁၁၄၄၉ ပေအတွက် ကျပ်သန်း ၄၆၄ သန်းကျော်နဲ့ ဆောင်ရွက်တာဖြစ်ပါတယ်။

ကန်သာယာသန့်ရှင်းသာယာလှပရေးလုပ်ငန်းက အစိုးရရဲ့ မုံရွာမြို့သန့်ရှင်းသာယာလှပရေးအချက် ၉ ချက်ထဲက တစ်ချက်ဖြစ်ပါတယ်။ အဲဒီထဲမှာ အိုးဘိုတော်သင်္ချိုင်းရွှေ့တာ၊ ညဈေးတန်းရွှေ့တာတွေပဲ ရာနှုန်းပြည့် ပြီးစီးသေးတာဖြစ်ပါတယ်။ အဝေးပြေးကားကွင်းဖော်ဆောင်တာ၊ ကမ်းနားလမ်းကျူးကျော် ဖယ်ရှားတာ၊ လက်ရှိကန်သာယာပြုပြင်တာ၊ စိမ်းစိုဝင်း တိရစ္ဆာန်ရုံလုပ်တာ၊ မုံရွာမြို့ဝင်ဆီဆိုင်တန်း ဖယ်ရှားတာ၊ အမှိုက်သိမ်းစနစ်၊ ညောင်ကိုင်းအင်းတူးဖော်တာ စတာတွေကတော့ လုပ်ဆောင်နေတာတွေရှိသလို တချို့ကတော့ အကောင်အထည်ဖော်တာ အခုထိ မမြင်ရသေးပါဘူး။ ဒီအချက်တွေဆောင်ရွက်ဖို့ စီစဉ်ခဲ့စဉ်တုန်းကလည်း ဝေဖန်မှုတွေ ရှိခဲ့ပါသေးတယ်။

အေပီတီ

error: Content is protected !!