Home > သတင်း > တရားဉပဒေစိုးမိုးရေး > ပလက်ဝမှာ မျှစ်ချိုးသွားတဲ့အမျိုးသမီးသုံးယောက် မိုင်းနင်းပေါက်ကွဲလို့ တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ

ပလက်ဝမှာ မျှစ်ချိုးသွားတဲ့အမျိုးသမီးသုံးယောက် မိုင်းနင်းပေါက်ကွဲလို့ တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ

ဓာတ်ပုံ-အင်တာနက်

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့၊ မြို့မရပ်ကွက်ကနေ မြို့ပြင်တောတွင်းကို မျှစ်ချိုးသွားရာကနေ မိုင်းနင်းမိပြီး ပေါက်ကွဲခဲ့လို့ အမျိုးသမီးတစ်ဦး နေရာတင်သေဆုံးခဲ့ပြီး ကျန်နှစ်ဦး ထိခိုက်ဒဏ်ရာတွေ ရရှိမှု စက်တင်ဘာလ ၁၈ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။

“ကုလားတန်မြစ်ရဲ့ အရှေ့ဘက်ခြမ်း ပလက်ဝနဲ့ဆို ၄၊ ၅ ဖာလုံလောက်ပဲဝေးမှာပါ။ မိုင်းပေါက်ကွဲတဲ့ နေရာမှာတင် သေဆုံးသွားသူက ပလက်ဝ၊ မြို့မရပ်ကွက်ထဲမှာနေတဲ့ ရခိုင်တိုင်းရင်းသူ အသက် (၄၀) နှစ်အရွယ် ဒေါ်မေနုသိန်း ပါ။ သူနဲ့အတူ မျှစ်ချိုးအဖော်လိုက်သွားတဲ့ ရခိုင်တိုင်းရင်းသူနှစ်ယောက် လဲပါတယ်။ သူတို့ကတော့ ပလက်ဝ ဆေးရုံမှာပါ။ တစ်ယောက်ကတော့ စောစောပိုင်းက သတိမရဘူး။ အခုတော့ သတိရပါပြီ။ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေ မရှိဘူး။ ကျန်နှစ်ယောက်စလုံး ကောင်းပါတယ်။” လို့ တိုက်ပွဲရှောင် စခန်းမှာ လူမှုကူညီရေး လုပ်ကိုင်ပေးနေသူ ဦးဇာဏီက ပြောပါတယ် ။

အဲ့ဒီ မြေမြုပ်မိုင်း ပေါက်ကွဲခဲ့တဲ့ နေရာက ပလက်ဝမြို့နဲ့ သိပ်မဝေးတာကြောင့် မိုင်းပေါက်ကွဲသံကိုလဲ ပလက်ဝဒေသခံပြည်သူတွေက ကြားလိုက်ရတယ်လို့ ပြောပါတယ်။ အရင်က တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့အကြား တိုက်ပွဲထိတွေ့မှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပေမယ့် အခုလို မြို့နဲ့ အနီးစပ်ဆုံး နေရာတွေမှာ မြေမြုပ်မိုင်းပေါက်ကွဲခဲ့တဲ့ ဖြစ်စဉ်တွေ မရှိခဲ့ဘူးလို့ သိရပါတယ်။

အခုပေါက်ကွဲခဲ့တဲ့ မြေမြုတ်မိုင်းဟာ ဘယ်အဖွဲ့အစည်းက ထောင်ထားတဲ့ မိုင်းဖြစ်တယ်ဆိုတာ မသိရသေးပါဘူး။

“နှစ်ဘက် တိုက်ပွဲတွေကတော့ မကြာမကြာဖြစ်တယ်။ အခုလို မြို့နဲ့ အနီးစပ်ဆုံး နေရာတွေမှာ မိုင်းထောင်ပြီး တိုက်ခိုက်တာ မရှိဘူး။ မြို့နဲ့ အနီးစပ်ဆုံး နေရာတွေကိုလာပြီး မိုင်းထောင်တဲ့ နည်းလမ်းနဲ့ စစ်ဆေင်ရေးလုပ်တာဟာ ဘယ်အဖွဲ့အစည်းကပဲ လုပ်လုပ် သူတို့လိုချင်တဲ့ ပစ်မှတ်ကို မရောက်ဘူး။ ဒေသခံ ပြည်သူတွေပဲ ထိခိုက်ရတာ။” လို့ ပလက်ဝဒေသခံ မြို့မိမြိုဖ တစ်ဦးကပြောပါတယ်။

အဲ့ဒီလို တိုက်ပွဲထိတွေ့မှုတွေကြောင့် ဒေသခံ ပြည်သူတစ်သောင်းကျော်က တိုက်ပွဲရှောင် စခန်းတွေမှာ ခိုလှုံနေကြရပါတယ်။ ချင်းပြည်နယ်တောင်ပိုင်းက တိုက်ပွဲရှောင် ပြည်သူများ အရေးပေါ်ကူညီရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီ (RRCCI) ရဲ့ စာရင်းတွေအရ ပလက်ဝ တိုက်ပွဲရှောင်းစခန်းမှာ လူဦးရေ (၄၈၀၀) ကျော်၊ ဆမီးမြို့ တိုက်ပွဲရှောင် စခန်းမှာ လူဦးရေ (၂၉၀၀) ကျော်၊ မီးဇာကျေးရွာ တိုက်ပွဲရှောင်စခန်းမှာ လူဦးရေ (၂၀၀၀) ကျော်နှင့် စိမ့်စင်းကျေးရွာ တိုက်ပွဲရှောင် စခန်းမှာ လူဦးရေ (၂၀၀) နီးပါးခန့် ခိုလှုံတိမ်းရှောင်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်ကနေ စက်တင်ဘာလ ၁၈ ရက်နေ့အတွင်း ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝဒေသနှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းအကြား စစ်ရေးထိတွေ့မှု အကြိမ်ပေါင်း (၂၀) ဝန်းကျင်ရှိတယ်လို့ ဒေသခံပြည်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

မေဇင်မြင့် (မျက်မှောက်ခေတ်)

error: Content is protected !!