Home > သတင်း > ကျန်းမာရေး > ကိုဗစ်ကူးစက်မှုများလာတဲ့အတွက် မုံရွာမြို့တွင် Fever Clinic ဆေးခန်း ပြန်ဖွင့်မည်

ကိုဗစ်ကူးစက်မှုများလာတဲ့အတွက် မုံရွာမြို့တွင် Fever Clinic ဆေးခန်း ပြန်ဖွင့်မည်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာ Fever Clinic ဆေးခန်းကို လာမယ့်စက်တင်ဘာလ ၂၁ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်သွားမယ်လို့ Save Monywa အဖွဲ့ခေါင်းဆောင် ဦးအောင်နေမျိုးက ပြောပါတယ်။ လတ်တလောမှာ ကိုဗစ်ကပ်ရောဂါ ပြည်တွင်းကူးစက်မှုတွေက များလာနေပြီး ရိုးရိုးဖျားတာလား၊ ကိုဗစ်ကြောင့်လားဆိုတာ ကနဦးခွဲခြားနိုင်အောင် Fever Clinic ဆေးခန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပါတယ်။  

“Fever Clinic ဆေးခန်းကို တနင်္လာနေ့မှာ ဖွင့်မှာပါ။ အဓိကတော့ ကိုဗစ် ၁၉ ရောဂါကူးစက်မှုနှုန်းတွေ များများလာတာရယ်၊ မုံရွာမြို့မှာလည်း အချိန်မရွေး ဖြစ်လာနိုင်မယ့် အနေအထားရှိတဲ့အတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ပြန်ပြီးတော့ဖွင့်မှာပါ။”လို့ ဦးအောင်နေမျိုးက ပြောပါတယ်။

မုံရွာမြို့မှာ Fever Clinic ဆေးခန်းကို သာမန်ဖျားနာလူနာများ ကုသရန်အတွက် မေလ ၁ ရက်နေ့က စတင်ဖွင့်လှစ်ပေးခဲ့ပြီးနောက် လာရောက်ပြသသူ လူနာနည်းပါးတဲ့အတွက် ဇူလိုင်လ ၃ ရက်နေ့မှာ ရပ်နားခဲ့တာပါ။ ဒါပေမယ့် ကိုဗစ် ၁၉ ရောဂါပြန်လည်တွေ့ပါက အချိန်မရွေးပြန်ဖွင့်ဖို့အတွက် အသင့်ပြင်ဆင်ထားခဲ့တာလည်း ဖြစ်ပါတယ်။

အရင် Fever Clinic ဆေးခန်းကို ဖွင့်လှစ်ပေးတဲ့အချိန်က အထူးကုဆရာဝန်ကြီးတွေ၊ လုပ်အားပေး ဆရာဝန်တွေနှင့် စေတနာ့ဝန်ထမ်းတွေ ပူးပေါင်းကာ လူနာ ၁၈၅ ဦးအထိ လက်ခံကုသပေးခဲ့တာပါ။ Fever Clinic ဆေးခန်းကို စစ်ကိုင်းတိုင်း‌ဒေသကြီးအစိုးရအဖွဲ့ရဲ့ လမ်းညွှန်မှုနဲ့ မြန်မာနိုင်ငံဆရာဝန်အသင်း (မုံရွာ) က ဦးဆောင်ကာ စစ်ကိုင်းတိုင်း‌ဒေသကြီး လူငယ်ရေးရာ‌ကော်မတီနှင့် လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့တွေ ပူး‌ပေါင်း‌ဆောင်ရွက်တာလည်း ဖြစ်ပါတယ်။ ဆေးခန်းကို မုံရွာမြို့ အထက-၂ ကျောင်းလမ်းကြား၊ ဒေါနခြံရပ်ကွက်ရှိ လူငယ်စင်တာမှာ တနင်္လာနေ့ကနေ သောကြာနေ့အထိ မနက် ၉ နာရီကနေ ၁၁ နာရီအချိန်အတွင်း ဖျားနာလူနာ မည်သူမဆို အခမဲ့ လာရောက်ပြသနိုင်မှာလည်း ဖြစ်ပါတယ်။

သူရိယထက်

error: Content is protected !!