Home > သတင်း > တိုင်းရင်းသားကဏ္ဍ > ချင်းပြည်နယ်တောင်ပိုင်းက တိုက်ပွဲရှောင်စခန်းတွေမှာ ခိုလှုံနေတဲ့ လူတစ်သောင်းကျော်စားဖို့ ဆန်ရိက္ခာက ၂ ရက်အတွက်ပဲကျန်

ချင်းပြည်နယ်တောင်ပိုင်းက တိုက်ပွဲရှောင်စခန်းတွေမှာ ခိုလှုံနေတဲ့ လူတစ်သောင်းကျော်စားဖို့ ဆန်ရိက္ခာက ၂ ရက်အတွက်ပဲကျန်

ဓာတ်ပုံ-အင်တာနက်

ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ်တောင်းပိုင်းမှာ တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့အကြား မကြာခဏ စစ်ရေးထိတွေ့မှုတွေဖြစ်ပွားပြီး ဒေသခံ ပြည်သူတစ်သောင်းကျော်ဟာလဲ နေရပ်စွန့်ခွာလို့ ပက်လက်ဝမြို့နယ်ထဲက တိုက်ပွဲရှောင် (IDPs Camp ) အသီးသီးမှာ ခိုးလှုံနေထိုင်ကြပါတယ်။ အဲ့ဒီ တိုက်ပွဲရှောင်စခန်းတွေဆီကို စားနပ်ရိက္ခာနှင့် ကူညီထောက်ပံ့ရေး ပစ္စည်းတွေပို့ဆောင်ပေးတဲ့ လမ်းကြောင်းတွေကလည်း စက်တင်ဘာ ၁၁ ရက်ကစလို့ ကိုဗစ် ၁၉ ရောဂါနှင့် လုံခြုံရေး အခြေအနေတွေရ ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော်မြို့နယ်ဘက်က လမ်းပိတ်ထားတဲ့အတွက် တိုက်ပွဲရှောင် စခန်းတွေဆီကို စားနပ်ရိက္ခာနှင့် ကူညီထောက်ပံ့ရေး ပစ္စည်းတွေ အချိန်မီ မရောက်နိုင်တာဖြစ်တယ်လို့ သိရပါတယ်။

‘“ဒီလ ၂၀ ရက်ဆိုရင် WFP က ထောက်ပံ့ပေးထားတဲ့ ဆန်က ကုန်ပြီ။ အစိုးရအဖွဲ့က ပေးတဲ့ဆန်လဲ လောလောဆယ်တော့ မရှိသေးဘူး။ အလှူရှင်တွေ လှူထားတဲ့ ပိုက်ဆံနဲ့ ဆန်ဝယ်မယ်ဆိုတော့လဲ ပလက်ဝမြို့ပေါ်မှာက ဆန်တအိတ်ကို အခုဆို ငါးသောင်းခွဲ၊ ခြောက်သောင်း ဆိုတော့ အလှူရှင် ရန်ပုံငွေ ပိုက်ဆံနဲ့ မဝယ်လာက်ဘူး။ အဓိက ပြောချင်တာက စားနပ်ရိက္ခာ ခက်ခဲနေတာပဲဖြစ်တယ်။” လို့ တိုက်ပွဲရှောင် ပြည်သူတွေရဲ့အရေး၊ သဘာဝဘေးအန္တရာယ်အရေးတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ဦးဇာနီက ပြောပါတယ်။

ချင်းပြည်နယ်တောင်ပိုင်းက တိုက်ပွဲရှောင် ပြည်သူများအရေးပေါ်ကူညီရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီ(RRCCI) ရဲ့ စာရင်းတွေအရ ပလက်ဝ တိုက်ပွဲရှောင်းစခန်းမှာ လူဦးရေ (၄၈၀၀) ကျော်၊ ဆမီးမြို့ တိုက်ပွဲရှောင် စခန်းမှာ လူဦးရေ (၂၉၀၀) ကျော်၊ မီးဇာကျေးရွာ တိုက်ပွဲရှောင်စခန်းမှာ လူဦးရေ (၂၀၀၀) ကျော်နှင့် စိမ့်စင်းကျေးရွာ တိုက်ပွဲရှောင် စခန်းမှာ လူဦးရေ (၂၀၀) နီးပါးခန့် ခိုလှုံတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

အဲ့ဒီ တိုက်ပွဲရှောင်စခန်းတွေမှာ ခိုလှုံနေကြတဲ့ တိုက်ပွဲရှောင် ပြည်သူတစ်သောင်းကျော်ရဲ့ အခြေခံစားသောက်ကုန်နှင့် ကူညီထောက်ပံ့ရေး ပစ္စည်းတွေကို ချင်းပြည်နယ် အစိုးရအဖွဲ့၊ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP)နှင့် အရပ်ဘက် အဖွဲ့အစည်းတွေက ဝိုင်းဝန်း ကူညီထောက်ပံ့နေရတာပဲဖြစ်ပါတယ်။ စက်တင်ဘာ ၁၁ ရက်ကစလို့ အချိန် တပတ်ကြာ ပိတ်ထားတဲ့ လမ်းကြောင်းတွေ ပြန်လည်ဖွင့်ပေးနိုင်ခြင်း မရှိသေးတဲ့အတွက် အဲ့ဒီ တိုက်ပွဲရှောင် စခန်းတွေမှာ အခြေခံ စားသောက်ကုန် ပြတ်လပ်နေတဲ့ အခက်အခဲနဲ့ ရင်ဆိုင်နေရတာဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၀ ဇန်နဝါရီလ ၁ ရက်နေ့ကနေ စက်တင်ဘာလ ၁၈ ရက်အတွင်း ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝဒေသနှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းအကြား စစ်ရေးထိတွေ့မှု အကြိမ်ပေါင်း (၂၀) ဝန်းကျင်ရှိတယ်လို့ ဒေသခံပြည်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

မေဇင်မြင့် (မျက်မှောက်ခေတ်)

error: Content is protected !!