Home > သတင်း > တိုင်းရင်းသားကဏ္ဍ > မုံရွာမှာ ပြည်တွင်းစစ်ဆန့်ကျင်စာရွက်ကပ်ခဲ့တဲ့ ဗကသကျောင်းသားလေးဉီးအနက် တစ်ဉီးကို ဖမ်းဆီးထားပြီး သုံးဉီးကို ဖမ်းဝရမ်းထုတ်

မုံရွာမှာ ပြည်တွင်းစစ်ဆန့်ကျင်စာရွက်ကပ်ခဲ့တဲ့ ဗကသကျောင်းသားလေးဉီးအနက် တစ်ဉီးကို ဖမ်းဆီးထားပြီး သုံးဉီးကို ဖမ်းဝရမ်းထုတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာ တပ်မတော်နှင့် ပြည်တွင်းစစ်ကို ဆန့်ကျင်စာရွက်တွေ လိုက်လံကပ်ခဲ့တဲ့ မုံရွာခရိုင် ဗကသကျောင်းသားတစ်ဉီးကို သက်ဆိုင်ရာရဲတပ်ဖွဲ့က စက်တင်ဘာလ ၁၇ ရက်နေ့မှာ နေအိမ်ကိုသွားရောက် ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးခံရသူက မုံရွာစီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသ) အထွေထွေအတွင်းရေးမှူး ကိုလင်းသူရကို ဖြစ်ပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မတွေနဲ့ မုံရွာမြို့နယ်ရဲတပ်ဖွဲ့မှုး ရဲမှူးကျော်လှိုင်က တရားလိုပြုလုပ်ကာ တရားရုံးကို ဦးတိုက်လျှောက်ထား တရားစွဲဆိုခဲ့တာပါ။ ဒါ့အပြင် စာရွက်အတူကပ်ခဲ့သူ ဗကသကျောင်းသားတွေဖြစ်တဲ့ မုံရွာခရိုင်ဗကသ ဉက္ကဌ ကိုသီဟကျော်၊ မုံရွာတက္ကသိုလ် ဗကသဉက္ကဌ ကိုပြည့်ဖြိုးမောင်မောင်နှင့် ဗကသအဖွဲ့ဝင်ဟောင်း ကိုညီလင်းထင်တို့ကိုလည်း ဖမ်းဝရမ်းတွေ ထုတ်ပြန်ထားပါတယ်။ လက်ရှိအချိန်ထိတော့ ဖမ်းဆီးခံထားရတဲ့ ကိုလင်းသူရကို ကို ဧည့်တွေ့ခွင့်မပေးသေးဘဲ မုံရွာမြို့မရဲစခန်းကနေ ရမန်ရယူကာ မုံရွာအကျဉ်းထောင်ကို ပို့ဆောင်ဖမ်းဆီးထားပါတယ်။

“အစိုးရအနေနဲ့လည်း ပြည်သူက မဲပေးခဲ့တာမှန်ပေမယ့် နိုင်ငံရေးကိစ္စတို့ ကျန်တဲ့စစ်တပ်ပိုင်းဆိုင်ရာကိစ္စတို့မှာ အစိုးရက ဝင်စွက်ဖက်လို့ မရဘူးလို့မြင်တယ်။ တကယ်တမ်းဒါက အစိုးရတစ်ရပ်အနေနဲ့ ကျောင်းသားတွေမှမဟုတ်ဘူး။ ရခိုင်ကိစ္စကော၊ ရခိုင်ကိစ္စနဲ့ပတ်သက်တဲ့ ကျောင်းသားတွေကိစ္စကော ဘာတစ်ခွန်းမှ ဝင်မဟဘူး။ ဒီအပေါ်မှာတော့ အစိုးရအနေနဲ့ ရေငုံနှုတ်ပိတ်မနေသင့်ဘူးလို့ ထင်တယ်။ အခုကလည်း ဝရမ်းထုတ်ထားတယ်သာပြောတာ ညကြီးအချိန်မတော် အိမ်တွေဝင်ရှာတာတွေက မဖြစ်သင့်ဘူးလို့ မြင်တယ်။ အခုက ရာဇဝတ်မှုလည်း မဟုတ်ဘူး။ လာရှာတာကလည်း ဘာကိစ္စလည်း၊ ဘာပုဒ်မလည်း မပြောဘူး။ တွေ့ချင်လို့ပါလို့ပဲ ပြောတယ်။ ဒီကိစ္စကို ပြည်ထဲရေးကို ဘယ်လိုတာဝန်ယူမလဲဆိုတာ မေးချင်တယ်။”လို့ ဗကသကျောင်းသားဟောင်းတစ်ဦးဖြစ်တဲ့ ကိုမျိုးသက်နိုင်က ပြောပါတယ်။

စက်တင်ဘာလ ၁၄ ရက်နေ့က မုံရွာမြို့မှာက တက္ကသိုလ်၊ စာသင်ကျောင်း၊ ဈေးနှင့် ဘူတာ၊ လမ်းဆုံးနေရာတွေမှာ ဗကသကျောင်းသားတွေက NO BLOODY GOVERNMENT ၊ NO MURDER ARMY ၊ ရက္ခိုင်ပြည်တွင် 4G Internent ပြန်ဖွင့်ပေးရေး၊ ပြည်တွင်းစစ်ကိုဆန့်ကျင်ကြ၊ ဖမ်းဆီးခံ ကျောင်းသားများ ချက်ချင်းလွှတ်ပေးရေး စတဲ့ အချက်တွေကို ရေးထားတဲ့ စာရွက်တွေကို လိုက်လံကပ်ခဲ့တာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်နဲ့ပတ်သက်လို့ အခုလို လှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့တဲ့ ဗကသ ကျောင်းသားတွေကို ဖမ်းဆီးတာက မုံရွာတင်မက တခြားဒေသတွေမှာကော ရှိနေတာပါ။ လက်ရှိမှာ မိတ္ထီလာက ဗကသကျောင်းသား ၂ ဦး၊ ရခိုင်က ကျောင်းသား ၃ ဉီးတို့အပြင် ဝရမ်းထုတ်ခံထားရသူကလည်း အနည်းဆုံး ၁၅ ဦးထိ ရှိနေပြီလို့ ဗကသအဖွဲ့ဝင်တစ်ဦးကလည်း ပြောပါတယ်။ လက်ရှိအချိန်ထိတော့ ဖမ်းဆီးခံကျောင်းသားတွေအားလုံး သူတို့မိသားစုတွေနဲ့ တွေ့ခွင့် မရသေးဘူးလို့လည်း သိရပါတယ်။

လွင်မင်း (မျက်မှောက်ခေတ်)

error: Content is protected !!