Home > သတင်း > စီးပွားရေး > တကျော့ပြန်ကိုဗစ်ရောဂါကြောင့် မုံရွာမြို့က ငုံးမွေးမြူရေးလုပ်ငန်းတွေ ထိခိုက်မှုရှိနေ

တကျော့ပြန်ကိုဗစ်ရောဂါကြောင့် မုံရွာမြို့က ငုံးမွေးမြူရေးလုပ်ငန်းတွေ ထိခိုက်မှုရှိနေ

နိုင်ငံတွင်းမှာ ကိုဗစ်ရောဂါကူးစက်မှု တကျော့ပြန်မြင့်တက်လာတဲ့အတွက် ငုံးမွေးမြူရေးလုပ်ငန်းတွေ ထိခိုက်မှုရှိလာတယ်လို့ မုံရွာမြို့နယ်မှာရှိတဲ့ ငုံးခြံလုပ်ငန်းရှင်တွေက ပြောပါတယ်။ ကိုဗစ်ပထမအကြိမ်အပြီးမှာ ဈေးနှုန်းပြန်လည် မြင့်တက်လာတဲ့ ငုံးဥဈေးနဲ့ ငုံးဈေးဟာ ပြီးခဲ့တဲ့ လကုန်ပိုင်းကစပြီး တနေ့ထက်တနေ့ ဈေးနှုန်းကျဆင်းလာကာ လက်ရှိအချိန်မှာတော့ ငုံဥတစ်လုံးကို (၁၅) ကျပ်နဲ့သာ ရောင်းချနေကြရတယ်လို့ သိရပါတယ်။

“ငုံးဥဈေးက နေ့တိုင်းကျနေတာ။ ဘာမှ လုပ်လို့မရဘူး။ အစာဈေးတောင်မရလို့ အကောင်လိုက် ထုတ်ရောင်းချင်နေတာ။ အကောင်လိုက်လည်း ၀ယ်မယ့်လူလည်း မရှိဘူး။ ဈေးကြလည်း ဘာမှမရဘူး။ တစ်ရက်တစ်ရက် အစာဖိုးတောင် ပြန်မရဘူး။”လို့ မုံရွာဒေသခံ ငုံးခြံပိုင်ရှင် ဦးဉာဏ်ထွန်း ကပြောပါတယ်။

ပြီးခဲ့တဲ့နှစ်တွေက ငုံးအရွယ်ကြီးပြီး ဥနှုန်းကျလာတဲ့ငုံးတွေကို ပြန်ထုတ်ရောင်းတဲ့ အခါ ပွဲစားတွေအနေနဲ့ အလုအယက်၀ယ်ယူကြပေမယ့် လက်ရှိမှာတော့ ၀ယ်ယူသူမရှိသလောက် ရှားနေပြီး ဈေးနှုန်းအနေနဲ့လည်း တစ်ကောင်ကို (၂၀၀) ကျပ်၀န်းကျင်သာ ရှိတယ်လို့ သိရပါတယ်။ ငုံးစာအနေနဲ့ တစ်အိပ်ကို ကျပ် (၃) သောင်းကျော်ပေးရသလို တခြား ကာကွယ်ဆေးစရိတ်တွေလည်း ရှိသေးတဲ့အတွက် လက်ရှိငုံးဥပေါက်ဈေးနဲ့ တွက်ခြေမကိုက် ဖြစ်နေကြတာပါ။

“ငုံးစာဈေးကတော့ ပုံမှန်ပဲ။ ငုံးဥဈေး ကျလို့ အရှုံးပေါ်နေတာ။ ငုံးဥဒိုင်တွေကလည်း ၀ယ်ကြပါသေးတယ်။ အကောင်လိုက်၀ယ်တဲ့ပွဲစားတွေပဲ အ၀ယ်နည်းနေတာ။ သူတို့ပြောတာကတော့ စားသောက်ဆိုင်တွေက အမှာနည်းလာလို့ လိုသလောက်ပဲ ၀ယ်တာပြော

တာပဲ။”လို့ မုံရွာမြို့က ငုံးမွေးမြူရေးလုပ်ကိုင်သူ ဒေါ်မြင့်က ပြောပါတယ်။

ငုံးဥဈေးနှုန်းဟာ ပုံမှန်ကာလတွေမှာ ကျပ် (၂၀) ကျော်နဲ့ ရောင်းချကြရသလို ငုံး တစ်ကောင်ပေါက် ဈေးနှုန်းဟာလည်း ကျပ် (၅၀၀) ၀န်းကျင် ပေါက်ဈေးရှိပြီး ဈေးကောင်းအရဆုံး အချိန်ကတော့ သင်္ကြန်ကာလနဲ့ နတ်ပွဲရာသီတွေဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိအရောင်းအ၀ယ်ဖြစ်နေတဲ့ ငုံးဥနဲ့ ငုံးဈေးဟာ ပုံမှန်ပေါက်ဈေးထက် ထက်၀က်နီးပါး ကျဆင်းနေတာကြောင့် ငုံးစာစရိတ်နဲ့ ငုံးဥဈေးဟာ ကွာခြားနေပြီး နေ့စဉ်အရှုံးပေါ်နေတယ်လို့ မုံရွာမြို့နယ်မှာရှိတဲ့ ငုံခြံပိုင်ရှင်တွေ ကပြောပါတယ်။

ကိုဗစ်ကုစားရေးအစီအစဉ်အနေနဲ့ အသေးစားချေးငွေတွေကို နိုင်ငံတော်က ထုတ်ချေးပေးတာရှိပေမယ့် ငုံးမွေးမြူသူအများစုကတော့ မလျှောက်ကြဘူးလို့ ဆိုပါတယ်။ အများစုက ဇုန်ဧရိယာအတွင်းမှာ မွေးတာမဟုတ်ဘဲ ကိုယ့်နေအိမ်၊ ယာမြေတွေမှာသာ တပိုင်တနိုင်မွေးမြူကြတာဖြစ်လို့ စာရင်းမပေါက်တဲ့အတွက် လျှောက်ရင်လည်း မရနိုင်လို့ မလျှောက်ကြတာလို့ ဆိုကြပါတယ်။

error: Content is protected !!