Home > သတင်း > ကျန်းမာရေး > အရာတော်မြိုနယ်တွင် ပထမဆုံး ကိုဗစ်အတည်ပြုလူနာတစ်ဦးတွေ့ရှိ

အရာတော်မြိုနယ်တွင် ပထမဆုံး ကိုဗစ်အတည်ပြုလူနာတစ်ဦးတွေ့ရှိ

ဓာတ်ပုံ-MMK News

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်မှာ ပထမဆုံး ကိုဗစ်ကပ်ရောဂါပိုး ကူးစက်ခံထားရသူတစ်ဦး တွေ့ရှိတယ်လို့ အရာတော်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိုက်ထွန်းက ပြောပါတယ်။ ကိုဗစ်ကပ်ရောဂါပိုး တွေ့ရှိလူနာက မန္တလေးမြို့ မဟာအောင်မြေ ဆီဆိုင်မှာ အလုပ်လုပ်ပြီး စက်တင်ဘာ ၄ ရက်နေ့က နေအိမ် ပြန်လာခဲ့တာဖြစ်ပါတယ်။ Home Quarantine အဖြစ်နေထိုင်ရင်း စက်တင်ဘာ ၁၂ ရက်နေ့မှာ အနံမရတာကြောင့် အရာတော်မြို့ ပြည်သူ့ဆေးရုံကိုလာပြခဲ့တာပါ။ စက်တင်ဘာ ၁၄ ရက်နေ့မှာတော့ Swab နမူနာယူပြီး မန္တလေးမြို့၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာနကို ပို့ဆောင်စစ်ဆေးခဲ့ရာ စက်တင်ဘာ ၁၅ ရက်နေ့ ညပိုင်းက ရောဂါပိုးကူးစက်ခံထားရတာကို စစ်ဆေးတွေ့ရှိခဲ့တာပါ။

“မန္တလေးမြို့ မဟာအောင်မြေမြို့ ဆီဆိုင်မှာ အလုပ်လုပ်တယ်။ ဆီဆိုင်ပိတ်လို့ ရွာကိုပြန်လာတာပါ။ စက်တင်ဘာ ၄ ရက်နေ့မှာ ရွာကိုရောက်တယ်။ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ ထုတ်ပြန်ချက်အရ ရန်ကုန်တိုင်း Stay at home မြို့နယ် ၉ မြို့နယ်ကနေဆိုရင် ကျွန်တော်တို့ ညွှန်ကြားထားတာက Facility Quarantine ထားတယ်။ သူက အဲဒီမြို့နယ်တွေမှာ မပါတဲ့အခါကျတော့ သူ့ကို Home Quarantine ထားတယ်။ အိမ်မှာ သူ့အဖေအမေတို့နဲ့နေတယ်။ စက်တင်ဘာ ၁၂ ရက်နေ့မှာ အနံမရဘူးဆိုပြီး ဆေးရုံလာပြတယ်။ စက်တင်ဘာ ၁၃ ရက်နေ့မှာ နောင်ကြီးအိုင် အထကကျောင်း Facility Quarantine ရွှေ့လိုက်တယ်။ စက်တင်ဘာ ၁၄ ရက်နေ့မှာ Swab နမူနာယူပြီး ပို့ဆောင်စစ်ဆေးရာမှာ ရောဂါပိုးတွေ့ရှိခဲ့တာပါ။”လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိုက်ထွန်းက ပြောပါတယ်။

ကိုဗစ်လူနာက အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ကျေးရွာနေ အသက် ၁၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါပိုးတွေ့ရှိတဲ့ အမျိုးသမီးကို အရာတော်မြို့ ပြည်သူ့ဆေးရုံ ကြပ်မတ်ဆောင်မှာ စက်တင်ဘာ ၁၅ ရက်နေ့ ညပိုင်းက ရွှေပြောင်းထားရှိကုသပေးနေပါတယ်။

“သူကတော့ တက္ကစီငှားပြီး လာတယ်လို့သိရတယ်။ သူ့မိသားစုဝင် သုံးယောက်ကို မနေ့ညကပဲ နောင်ကြီးအိုင် တိုက်နယ်ဆေးရုံမှာ Facility Quarantine ရွှေ့ထားတယ်။ ဒီနေ့မနက်ပိုင်းမှာ Swab နမူနာယူစစ်သွားမယ်။”လို့ လည်း မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

စက်တင်ဘာလအတွင်း စစ်ကိုင်းတိုင်းဒေသကြီးမှာ ကိုဗစ် ၁၉ ကပ်ရောဂါပိုးကူးစက်ခံထားရသူ ၁၁ ဦးအထိ ရှိပြီး ကလေးမြို့နယ်မှာ ၃ ဦး၊ မြင်းမူမြို့နယ်မှာ ၁ ဦး၊ ကောလင်းမြို့နယ်မှာ ၁ ဦး၊ အင်းတော်မြို့နယ်မှာ ၁ ဦး၊ မော်လိုက်မြို့နယ်မှာ ၁ ဦး၊ တန့်ဆည်မြိုနယ်မှာ ၁ ဦး၊ မြောင်မြို့နယ်မှာ ၁ ဦး၊ ဘုတလင်မြို့နယ်မှာ ၁ ဦးနှင့် အရာတော်မြို့နယ်မှာ ၁ ဦးတို့ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ပထမလှိုင်းတို့ကလည်း စစ်ကိုင်းတိုင်းအတွင်း ကလေးမြို့နယ်မှာ ၆ ဦးနှင့် စစ်ကိုင်းမြို့မှာ အိန္ဒိယပြန် ၃ ဦး စုစုပေါင်း ၉ ဦးတွေ့ရှိခဲ့ပါသေးတယ်။

သူရိယထက်

error: Content is protected !!