Home > သတင်း > ကျန်းမာရေး > ကလေးမြို့ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ စတင် စစ်ဆေးတော့မည်

ကလေးမြို့ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ စတင် စစ်ဆေးတော့မည်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ပြည်သူ့ဆေးရုံမှာ ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ စစ်ဆေးနိုင်အောင် ဆောင်ရွက်နေတယ်လို့ ကလေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမူ (ခ) ဒေါ်ရှားမီးက ပြောပါတယ်။

“ကိုဗစ်-၁၉ ရောဂါပိုးစစ်နိုင်မယ့်စက်ကို ငွေကျပ်သိန်း ၃၀၀ ကျော်နဲ့ ကလေးမြို့ဆေးရုံကို အထောက်အကူပြုနေတဲ့ မိသားစုတွေနဲ့ အခြားအလှူရှင်တွေက လှူထားတာရှိတယ်။ အဲဒီစက်က ကိုဗစ်-၁၉ ရောဂါပိုးကို တိုက်ရိုက်စစ်လို့မရဘူး။ အဲဒီစက်နဲ့ Joinမယ့် ကိရိယာတွေက အများကြီးလိုနေသေးတယ်။ ကလေးမှာ ရောဂါပိုးစစ်လို့ရအောင် ပြင်ဆင်ထားတယ်။ လိုနေသေးတဲ့ ကိရိယာကို ကျွန်မက သက်ဆိုင်ရာကျန်းမာရေးဝန်ကြီးဌာနထံ မနေ့က တင်ပြတယ်။ အမြန်ဆုံးလုပ်ပေးမယ်လို့ပြောတယ်။”လို့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမူ (ခ) ဒေါ်ရှားမီးက ပြောပါတယ်။

စက်တင်ဘာလ ၁၇ ရက်နေ့ကစကာ ဓာတ်ခွဲနမူနာတွေကို စတင်စစ်ဆေးမှာဖြစ်ပြီး မန္တလေးမြို့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲခန်းနဲ့ အဖြေတိုက်ဆိုင် စစ်ဆေးသွားမယ်လို့လည်း သိရပါတယ်။

“ဆေးရုံတွေမှာ အရင် TB ပိုးစစ်တဲ့ စက်ရှိတဲ့နေရာတွေမှာ စစ်နိုင်ဖို့အတွက် ကျန်းမာရေးဝန်ကြီးဌာနကနေ ထောက်ပံ့ပေးတယ်။ အဲဒါကို ဆရာမတို့အနေနဲ့ စစ်ဖို့လုပ်ကြတာပါ။”လို့ ကလေးခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာ စိုးမိုးထွေးက ပြောပါတယ်။

ကလေးမြို့ပြည်သူ့ဆေးရုံမှာ ကိုဗစ်-၁၉ ရောဂါပိုးစက်နိုင်ခဲ့ရင် အထက်ချင်းတွင်းတစ်လျှောက်နှင့် ချင်းပြည်နယ်၊ ကလေးမြို့အနီးတဝိုက်က Swab နမူနာတွေကို ရန်ကုန်၊ မန္တလေးမြို့ကို ပို့စရာမလိုအောင် ကလေးမြို့ပြည်သူ့ဆေးရုံမှာ စစ်ဆေးနိုင်မှာလည်း ဖြစ်ပါတယ်။ အခုလို စစ်ဆေးနိုင်ခဲ့ရင် အချိန်တိုအတွင်း ရောဂါပိုးရှိမရှိ သိလာနိုင်မှာဖြစ်သလို သယ်ယူစရိတ်တွေ၊ ထိန်းသိမ်းဆောင်ရွက်ရတာတွေလည်း သက်သာလာမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

သူရိယထက်

error: Content is protected !!