Home > သတင်း > ကျန်းမာရေး > ကိုဗစ်ကပ်ရောဂါပိုး ကူးစက်လာလို့ ချင်းတွင်းမြစ်အတွင်း ခရီးသည်ရေယာဉ်ပြေးဆွဲမှုကို ယာယီရပ်နားထားရန် တိုင်းအစိုးရထံတင်ပြ

ကိုဗစ်ကပ်ရောဂါပိုး ကူးစက်လာလို့ ချင်းတွင်းမြစ်အတွင်း ခရီးသည်ရေယာဉ်ပြေးဆွဲမှုကို ယာယီရပ်နားထားရန် တိုင်းအစိုးရထံတင်ပြ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ကနေ ချင်းတွင်းမြစ်အထက်ပိုင်းပြေးဆွဲနေတဲ့ လူစီး ရေယာဉ်လိုင်းတွေကို ကိုဗစ်ကပ်ရောဂါကူးစက်လာနိုင်တဲ့အတွက် ယာယီရပ်နားထားဖို့ ပုဂ္ဂလိက ရေယာဉ်များ စနစ်တကျပြေးဆွဲရေးကော်မတီ (ရစက) ကနေ တိုင်းအစိုးရကို စက်တင်ဘာလ ၁၄ ရက်နေ့ ရက်စွဲနဲ့ တင်ပြထားတယ်လို့ ရစက တာဝန်ရှိသူက ပြောပါတယ်။

“မြန်မာတစ်နိုင်ငံလုံးမှာ ကိုဗစ်ကူးစက်မှုက ၃ ထောင်ကျော်သွားပြီဆိုတော့ ကူးစက်ပြန့်နှံ့မှုနှုန်းက များတဲ့အတွက် ချင်းတွင်းမြစ်ဘေးရှိတဲ့ မော်လိုက်မှာလည်း ကိုဗစ်ပိုးတွေ့တယ်။ ကျွန်တော်တို့မှာ နည်းနည်းလေး အန္တရာယ်ရှိတဲ့ အနေအထားဖြစ်တော့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ လူစီးရေယာဉ်တွေကို ပိတ်ဖို့ရန် သင့်မသင့် ခွင့်ပြု၊ မပြု တင်ပြတာပါ။ တိုင်းအစိုးရဘက်က သဘောထားပြန်ပါလိမ့်မယ်။ သဘောထားပြန်မှ ပိတ်ဖို့လုပ်မှာပါ။”လို့ ရစက ကော်မတီအဖွဲ့ဝင် ဦးဇော်ဝင်းက ပြောပါတယ်။

လက်ရှိမှာ မော်တော်ယာဉ်လိုင်းတွေကိုတော့ တိုင်းခြားပြေးဆွဲခွင့် ပိတ်လိုက်ပြီလည်း ဖြစ်ပါတယ်။ ဒါကြောင့် ရစက ကနေ တိုင်းအစိုးရကို တင်ပြစာမှာ စက်တင်ဘာလ ၁၄ ရက်နေ့ မနက် ၈ နာရီထိ မြန်မာတနိုင်ငံလုံး ပိုးတွေ့လူနာ ၃၀၀၅ ဦး တွေ့ရှိထားတဲ့အတွက် ပုဂ္ဂလိကပိုင် ခရီးသည်တင်ရေယာဉ်တွေအနေနဲ့ တိုင်းနှင့် ပြည်နယ် အသီးသီးက ခရီးသည်တွေကို တင်ဆောင်ပြေးဆွဲရတာဖြစ်လို့ ကိုဗစ် -၁၉ ကပ်ရောဂါပိုးတွေ ကူးစက်နိုင်ဖွယ်ရာရှိလာတဲ့အတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ကုန်တင်ရေယာဉ်တွေ မပါ ခရီးသည်တင်ရေယာဉ်တွေ ပြေးဆွဲခွင့်ကို ခွင့်ပြု/ ခွင့်မပြု လမ်းညွှန်ပေးနိုင်ရန်ဆိုပြီး တင်ပြထားတာပါ။

အခုလက်ရှိမှာတော့ ကိုဗစ်ကပ်ရောဂါ ကာကွယ်ထိန်းချုပ်တဲ့အနေနဲ့ မုံရွာမြို့နှင့် ချင်းတွင်းမြစ်အထက်ပိုင်းပြေးဆွဲနေတဲ့ လူစီး ရေယာဉ်လိုင်းတွေကို ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်များနဲ့အညီ ပြေးဆွဲနေတယ်လို့လည်း သိရပါတယ်။

“ကျွန်တော်တို့က ကိုဗစ်ကာလကြောင့် လူဦးရေကလျော့တင်ရတာ။ တချို့အစုန် လူစီးရေယာဉ်တွေ လူဦးရေ ၁၀ ယောက်တောင် မကျော်ဘူး။ ခရီးသည်လိုက်ပါမှုက ၆၀ ရာခိုင်နှုန်းလောက်ကျဆင်းတယ်။ တခြားမြို့နယ်က ကျေးရွာတွေက မုံရွာမှာလာဖို့ ကြောက်တဲ့အတွက် မလာပဲနေကြတော့ သူတို့မလာတော့ ခရီးသည်စီးမယ့်သူမရှိတော့ဘူး။”လို့ MGRG အမြန်ရေယာဉ် ဂိတ်မှူး ဦးလေးသောင်းက ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ ခရီးသည်တင်ရေယာဉ်အသင်း ၄၆ သင်း၊ အစီးရေ ၃၄၆ စီးနှင့် ကုန်တင်ရေယာဉ်အသင်း ၁၉ သင်း၊ အစီးရေ ၆၀၄ စီးရှိတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ရေကြောင်းပို့ဆောင်ရေးညွှန့်ကြားမှုဦးစီးဌာနစာရင်းတွေအရ သိရပါတယ်။

မေဇင်မြင့်(မျက်မှောက်ခေတ်)၊ သူရိယထက်

error: Content is protected !!