Home > သတင်း > စီးပွားရေး > မုံရွာကုန်စည်ဒိုင်မှာ အရောင်းအ၀ယ် ထက်၀က်နီးပါး ကျဆင်း

မုံရွာကုန်စည်ဒိုင်မှာ အရောင်းအ၀ယ် ထက်၀က်နီးပါး ကျဆင်း

COVID-19 ကပ်ရောဂါနဲ့ပတ်သက်တဲ့ စည်းကမ်းချက်တွေလတင်းကြပ်လိုက်တာကြောင့် မုံရွာကုန်စည်ဒိုင်မှာ အရောင်းအ၀ယ် ထက်၀က်နီးပါး ကျဆင်းသွားတယ်လို့ မုံရွာကုန်စည်ဒိုင်လအတွင်းရေးမှူ ဦးဇော်မိုး ကပြောပါတယ်။ တိုင်းအတွင်းမှာ COVID ကပ်ရောဂါကူးစက်ခံထားရတဲ့ အတည်ပြုလူနာ ဆက်တိုက်တွေ့ရှိလာပြီး စည်းကမ်းတင်းကြပ်လိုက်တာကြောင့် နယ်တွေဘက်ကလာရောင်းတဲ့ တောင်သူတွေ လျော့ကျသွားသလို ရန်ကုန်မှာရှိတဲ့ ကုန်သည်တစ်ချို့ကလည်း အ၀ယ်ရပ်သွားတဲ့အတွက် မုံရွာကုန်စည်ဒိုင်မှာ အရောင်းအ၀ယ် လျော့ကျလာတာဖြစ်တယ်လို့ သိရပါတယ်။

“နယ်ဘက်ကလာရောင်းတဲ့ တောင်သူတွေအနေနဲ့ မြို့ပေါ်မှာ နှာခေါင်းစည်းမတပ်ရင် အရေးယူတာတို့၊ မြို့ပေါ်ကနေ ရွာပြန်တဲ့အခါ အပူချိန်တိုင်းတာတို့လုပ်တော့ တစ်ချို့က အလုပ်ရှုပ်တော့လာမရောင်းကြဘူး။ ပြီးတော့ ရန်ကုန်က လက်ကြီးသမား ကုန်သည်တွေကလည်း ရောဂါအခြေနေကြောင့် မ၀ယ်ကြတော့တာတွေ ရှိတယ်။ အရင်က တစ်ရက်ကို အိတ် ၁၅၀၊ ၂၀၀ ရောင်းရတဲ့ ကုန်တွေက အခုရက်ပိုင်း ၈၀ လောက်ပဲ ရောင်းရတော့တယ်။”လို့ မုံရွာကုန်စည်ဒိုင်အတွင်းရေးမှူး ဦးဇော်မိုး ကပြောပါတယ်။

မုံရွာကုန်စည်ဒိုင်မှာ အရောင်းအ၀ယ် လျော့ကျလာပေမယ့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းတွေက ညွှန်ကြားချက် ထွက်မလာသေးတာကြောင့် ကုန်စည်ဒိုင်ပိတ်ဖို့တော့ အစီစဉ်မရှိသေးဘူးလို့ သိရပါတယ်။

“ကုန်စည်ဒိုင်ကတော့ မပိတ်သေးပါဘူး။ ကျန်းမာရေး၀န်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ အရောင်း၊ အ၀ယ် လုပ်နေကြပါတယ်။ သက်ဆိုင်ရာအစိုးရအဖွဲ့၊ ၀န်ကြီးဌာန တွေက ပိတ်ဖို့လမ်းညွှန်ချက်ရောက်လာရင်တော့ ပိတ်ရမှာပေါ့။”လို့ ဦးဇော်မိုးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ COVID-19ရောဂါ ပထမအကြိမ် စတင်ဖြစ်ပွားခဲ့ချိန်က မုံရွာကုန်စည်ဒိုင်ကို ယာယီပိတ်ထားခဲ့ပြီး အွန်လိုင်းစနစ်နဲ့ အရောင်းအ၀ယ်ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ကုန်စည်ဒိုင် ပိတ်မထားပေမယ့် ပြင်ပဧည့်၀င်ခွင့်ကိုပိတ်ထားပြီး အရောင်းအဝယ်လာရောက် ပြုလုပ်ကြတဲ့ ကုန်သည်တွေကိုလည်း အပူချိန်တိုင်းတာ၊ လက်ဆေးစေတာ၊ Mask တပ်စေတာတွေအပြင် ကွင်းဆက်လိုက်ရ လွယ်ကူအောင် အမည်၊ နေရပ် မှတ်တမ်းယူတာတွေကိုလည်း ပြုလုပ်နေတယ်လို့ သိရပါတယ်။

error: Content is protected !!