Home > သတင်း > တရားဉပဒေစိုးမိုးရေး > စစ်ကိုင်းမြို့နယ်က လေးကောင်ဂျင်ဝိုင်းကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီး

စစ်ကိုင်းမြို့နယ်က လေးကောင်ဂျင်ဝိုင်းကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီး

ဓာတ်ပုံ-စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တစ်အိမ်တည်းကျေးရွာနှင့် ကျောက်ဆည်ကျေးရွာ အကြားရှိ ပြောင်းစိုက် ယာခင်းအတွင်း လေးကောင်ဂျင် လောင်းကစားဝိုင်း ပြုလုပ်နေကြောင်း သတင်းအရ စက်တင်ဘာ ၁၄ ရက် ညနေ ၅ နာရီအချိန်က စစ်ကိုင်းမြို့ရှိ ရဲတပ်ဖွဲ့ဝင်တွေက သွားရောက်ဖမ်းဆီးခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးသတင်းတွေအရ သိရပါတယ်။

“လောင်းကစားရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေလဲပါတယ်။ အမျိုးသမီး ၂ ဦးအပါအဝင် ၁၀ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်။ ဒိုင်လုပ်ကိုင်သူက ထွက်ပြေးတိမ်းရှောင်သွားတယ်။ သူ့ကိုလဲ ဖမ်းဆီးနိုင်ရေးလုပ်နေတယ်။ ”လို့ စစ်ကိုင်းခရိုင် ရဲတပ်ဖွဲ့ ၊ မှုခင်းနှိမ်နင်ရေး ဌာနစိပ်ရှိ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

အခုလို ဖမ်းဆီးရာမှာ လောင်းကြေးငွေ ၁၆ သိန်း ၅ သောင်းကျော်၊ ဖုန်းမျိုးစုံ ငါးလုံး၊ ဆိုင်ကယ်မျိုးစုံ ၂၃ စီးအပါအဝင် လောင်းကစားနေရာမှာ ဖမ်းဆီးရသူ အမျိုးသား ၈ ဦး၊ အမျိုးသမီး ၂ ဦးတို့ကို ဖမ်းဆီးရမိခဲ့တာပါ။ ကိုဗစ် -၁၉ ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်ရန် ဒေသအတွင်းက လောင်းကစားဝိုင်းတွေ၊ ကာ ရာအိုကေဆိုင်တွေ၊ အနှိပ်ခန်းတွေနှင့် ပြည်တန်ဆာလုပ်ငန်းတွေကို အမြန်ဆုံး ဖော်ထုတ် အရေးယူသွားရန် စစ် ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းကြည်မှ လမ်းညွှန်ခဲ့ပြီးနောက် စစ်ကိုင်းမြို့နယ်တွင် အဆိုပါ လေး ကောင်ဂျင်လောင်းကစားဝိုင်းကို ဖော်ထုတ် ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ လေးကောင်ဂျင်ဝိုင်းနဲ့ပတ်သက်လို့ စစ်ကိုင်းမြို့မရဲစခန်းက (ပ)၆၀၂/ ၂၀၂၀၊ လောင်းကစားဥပဒေပုဒ်မ ၁၅ (က)အရ အမှုဖွင့် အရေးယူဆောင်ရွက်နေပါတယ်။

ကိုတိုးကြီး (မုံရွာ)

error: Content is protected !!