Home > သတင်း > ကျန်းမာရေး > မုံရွာမြို့မှ တိုင်းကျော်ပြေးဆွဲနေသာ ခရီးသည်တင်ယာဉ်လိုင်းများကို စတင်ပိတ်

မုံရွာမြို့မှ တိုင်းကျော်ပြေးဆွဲနေသာ ခရီးသည်တင်ယာဉ်လိုင်းများကို စတင်ပိတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ အခြေစိုက်ကာ တခြားတိုင်းနှင့် ပြည်နယ်တွေကို ပြေးဆွဲနေတဲ့ ခရီးသည်တင် ယာဉ်လိုင်းတွေကို စက်တင်ဘာ ၁၂ ရက်နေ့ကစတင်ကာ ပိတ်လိုက်ကြောင်း မုံရွာမြို့ ပုဂ္ဂလိကမော်တော် ယာဉ်များ စနစ်တကျပြေးဆွဲနိုင်ရေးကော်မတီ ဥက္ကဌ ဦးရဲထွန်းအောင်က ပြောပါတယ်။ ကိုဗစ်ကပ်ရောဂါက တခြားတိုင်းနှင့် ပြည်နယ်တွေအပြင် စစ်ကိုင်းတိုင်းမှာလည်း တွေ့ရှိလာနေရပြီး ပြည်တွင်းမှာ ရောဂါကူးစက်မှုနှုန်း မြင့်လာတာကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တွေအားလုံး ကိုဗစ်ကပ်ရောဂါအန္တရာယ် ကာကွယ်နိုင်ရန်အတွက် တိုင်းအတွင်းမြို့နယ်တွေနှင့် တခြားတိုင်းနှင့် ပြည်နယ်တွေကို ပြေးဆွဲနေတဲ့ ခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်အသင်းတွေကို ပြေးဆွဲခွင့် ယာယီရပ်နားဖို့ စက်တင်ဘာ ၁၀ ရက်နေ့က တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြခဲ့တာပါ။ တိုင်းအစိုးရရဲ့ညွှန်ကြားချက်နဲ့ ပိတ်တာမဟုတ်ဘဲ ကော်မတီရဲ့ အစည်းဝေးဆုံးဖြတ်ချက်နဲ့ ပိတ်လိုက်တာလည်း ဖြစ်ပါတယ်။

“တိုင်းကျော်ပြေးဆွဲနေတဲ့ ခရီးသည်ယာဉ်လိုင်းတွေကိုတော့ ပိတ်ထားတယ်။ တိုင်းအတွင်းသွားတဲ့ ယာဉ်လိုင်းတွေကိုတော့ မပိတ်ပါဘူး။ မုံရွာကနေ တခြားပြည်နယ်နှင့် တိုင်းပြေးဆွဲနေတဲ့ လိုင်းတွေကို ပိတ်လိုက်တာပါ။ မနေ့ကစပြီး ပိတ်တာ။ Positive လူနာတွေ့ရှိမှုတွေကို တိုင်းအတွင်း စီးဝင်လာတာမျိုးကို တတ်နိုင်သမျှ ထိန်းချုပ်နိုင်အောင် ပိတ်လိုက်တာပါ။ ပိတ်ထားမယ့်ရက်က အကန့်အသတ်ပြောမထားဘူး။ ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်နိုင်တဲ့အထိဖြစ်မယ်။ ကျွန်တော်တို့ကော်မတီရဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ပိတ်လိုက်တာပါ။ ညွှန်ချက်ကတော့ မလာသေးဘူး” လို့ ဦးရဲထွန်းအောင်ကပြောပါတယ်။ မုံရွာမြို့ကနေ အခြားတိုင်းနှင့် ပြည်နယ်ပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်လိုင်းတွေကို ပိတ်ထားပေမယ့် ကုန်တင်ယာဉ်တွေကို ပုံမှန်ပြေးဆွဲခွင့် ပေးထားတယ်လို့လည်း သိရပါတယ်။ မုံရွာမြို့ပုဂ္ဂလိကမော်တော် ယာဉ်များ စနစ်တကျ ပြေးဆွဲနိုင်ရေးကော်မတီအနေနဲ့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း Covid-19 ကူးစက်ရောဂါ ဖြစ်ပွားမှုကနေ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မုံရွာ-စစ်တွေ ခရီးသည်ယာဉ်လိုင်းအပါအဝင် ကုန်တင်ယာဉ် လိုင်းတွေကို သြဂုတ်လ ၂၂ ရက်နေ့ကစတင်ကာ ရက်အကန့်သတ်မရှိ ယာယီရပ်နားခဲ့ပြီးဖြစ်ပါတယ်။ မုံရွာမြို့မှာ ခရီးသည်တင်ယာဉ်လိုင်ပေါင်း (၁၀၀) ကျော်ရှိပြီး မုံရွာ-ရန်ကုန်ပြေးဆွဲနေတဲ့ ခရီးသည်ယာဉ်လိုင်းအသင်း ၂၀ ကျော်ရှိပါတယ်။ အခုလက်ရှိ စစ်ကိုင်းတိုင်းဒေသကြီးမှာ ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိလူနာ ၇ ဦးရှိနေပြီး ကလေး၊ မြင်းမူ၊ ကောလင်း၊ အင်းတော်၊ မော်လိုက်၊ မြောင်နှင့် တန့်ဆည်မြို့နယ်တို့ဖြစ်ပါတယ်။

သူရိယထက်

error: Content is protected !!