Home > သတင်း > ကျန်းမာရေး > ကောလင်းမြို့နယ်မှာ မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေ ယာယီရပ်နားထားဖို့ မြို့နယ်ရွေး/ကော် ညွှန်ကြားထား

ကောလင်းမြို့နယ်မှာ မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေ ယာယီရပ်နားထားဖို့ မြို့နယ်ရွေး/ကော် ညွှန်ကြားထား

photo by MMK News

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်အတွင်းမှာရှိတဲ့ နိုင်ငံရေးပါတီတွေရဲ့မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေကို ယာယီရပ်နားထားဖို့ ညွှန်ကြားချက်ထုတ်ပြန်သွားမယ်လို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦး၀င်းကိုကိုက

ပြောပါတယ်။ ကောလင်းမြို့နယ်အတွင်းမှာ COVID-19 အတည်ပြုလူနာ တွေ့ရှိပြီးတဲ့နောက် မြို့နယ်တာ၀န်ရှိသူတွေက Stay at home ထုတ်ပြန်လိုက်တဲ့အတွက် နိုင်ငံရေးပါတီတွေအနေနဲ့လည်း မဲဆွယ်စည်းရုံးတာတွေကို ယာယီရပ်နားထားဖို့ ညွှန်ကြားချက်ထုတ်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

“တိုင်းရွေး/ကော်ကနေ ညွှန်ကြားတာတော့ မဟုတ်ပါဘူး။ ကောလင်းက မနေ့ကစပြီး Stay at home သတ်မှတ်လိုက်တာကြောင့် ကျန်းမာရေး၀န်ကြီးဌာနက ထုန်ပြန်ထားတဲ့အချက်နဲ့ ကိုက်ညီနေတဲ့အတွက် မဲဆွယ်စည်းရုံးတာကို ယာယီရပ်နားရတာဖြစ်ပါတယ်။”လို့ ကောလင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦး၀င်းကိုကိုက ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက တခြားသောကိုဗစ်ပိုးတွေ့ရှိရတဲ့ မြို့နယ်တွေကိုတော့ မဲဆွယ်စည်းရုံးတာတွေ ရပ်နားထားဖို့ ညွှန်ကြားထားတာမရှိသေးဘဲ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေအတိုင်း မဲဆွယ်စည်းရုံးကြဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။ တိုင်းရွေးကောက်ပွဲကော်မရှင်ကတော့ မဲဆွယ်စည်းရုံးတာတွေ ရပ်နားထားကြဖို့ ညွှန်ကြားတာ မရှိသေးပါဘူး။ ကောလင်းမြို့နယ်အတွင်း မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေကို Stay at home ဒေသန္တရအမိန့် ဖြေလျော့တဲ့အချိန်ရောက်မှ ပြန်လည်ခွင့်ပြုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

“မြို့နယ်ရွေးကောက်ပွဲကော်မရှင်အနေနဲ့ မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေကို ရပ်နားဖို့ညွှန်ကြားထားတဲ့အတွက် လတ်တလောအချိန်မှာနားနေရတယ်။ ကျေးရွာတွေဆင်းမယ့်ခရီးစဉ်တွေ လောလောဆယ် ရပ်ထားရတယ်။”လို့ ကောလင်းမြို့နယ်က ၀င်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ကိုယ်စားလှယ်လောင်း ဦးတင်စိုးက ပြောပါတယ်။

၂၀၂၀ရွေးကောက်ပွဲမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်မှာ မဲပေးပိုင်ခွင့်ရှိတဲ့ ပြည်သူ (၁) သိန်း (၃) သောင်းကျော်ရှိပြီး မဲရုံ (၁၃၃) ရုံဖွင့်လှစ် ကျင်းပသွားဖို့ရှိတယ်လို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ က ပြောပါတယ်။ ကောလင်းမြို့နယ်မှာ နိုင်ငံရေးပါတီပေါင်း ၆ ပါတီက ကိုယ်စားလှယ်လောင်းတွေအပြင် တစ်သီးပုဂ္ဂလတစ်ဦးလည်း ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

error: Content is protected !!