Home > သတင်း > ကျန်းမာရေး > စစ်ကိုင်းတိုင်းဒေသကြီးတွင် ကိုဗစ်ကပ်ရောဂါပိုးတွေ့ရှိသူ ၇ ဦး အထိရှိလာ

စစ်ကိုင်းတိုင်းဒေသကြီးတွင် ကိုဗစ်ကပ်ရောဂါပိုးတွေ့ရှိသူ ၇ ဦး အထိရှိလာ

ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ စစ်ကိုင်းတိုင်းဒေသကြီးမှာ စက်တင်ဘာလ ဒုတိယပတ်အတွင်း ကိုဗစ်ကပ်ရောဂါပိုး ကူးစက်ခံထားရသူ ခုနှစ်ဦးအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။ အဲဒီလို တွေ့ရှိခဲ့တဲ့အထဲမှာ မော်လိုက်မြို့နယ်က တပ်မတော်သားတစ်ဉီးလည်း ပါ၀င်ပါတယ်။ ကိုဗစ်ဒုတိယလှိုင်းအတွင်း စစ်ကိုင်းတိုင်းမှာ ပထမဦးဆုံးတွေ့ရှိခဲ့တဲ့ ကလေးမြို့နယ်က ကိုဗစ်အတည်ပြုလူနာက အမျိုးသားတစ်ဦးဖြစ်ကာ တရုတ်နိုင်ငံကနေ ပြန်လည်ရောက်ရှိလာသူဖြစ်ပါတယ်။ လက်ရှိမှာတော့ ကလေးမြို့က တိုင်းရင်းဆေးရုံကြီးမှာပဲ ဆေး၀ါးကုသမှု ခံယူနေတာပါ။ နောက်ထပ်အနေနဲ့ ပြည်တွင်းကူးစက်မှုအဖြစ် စက်တင်ဘာလ ၁၁ ရက်နေ့က မြင်းမူမြို့နယ်မှာ အမျိုးသားတစ်ဦး၊ စက်တင်ဘာ ၁၃ ရက်နေ့က ကောလင်းမြို့နယ်မှာ တစ်ဦးအပြင် မော်လိုက်မြို့နယ်၊ အင်းတော်မြို့နယ်၊ မြောင်မြို့နယ်၊ တန့်ဆည်မြို့နယ်တို့ကလည်း တစ်ဦးစီ စစ်ဆေးတွေ့ရှိထားပါတယ်။ ကိုဗစ်ဒုတိယလှိုင်းအတွင်း စစ်ကိုင်းတိုင်းမှာ ဆက်တိုက်ဆိုသလို ကိုဗစ်ကပ်ရောဂါကူးစက် ခံထားရသူ တွေ့ရှိလာနေတာ မြို့နယ် ၇ မြို့နယ်က ကူးစက်ခံ ၇ ဦးရှိနေပြီလည်းဖြစ်ပါတယ်။ ပထမလှိုင်းမှာတုန်းကလည်း စစ်ကိုင်းတိုင်းက ကလေးမြို့မှာ ၆ ဦး၊ စစ်ကိုင်းမြို့မှာ အိန္ဒိယပြန် သံဃာ ၂ ပါးနှင့် လူ ၁ ဦး စုစုပေါင်း ၉ ဦးတို့မှာ ကိုဗစ်ကပ် ရောဂါပိုးတွေ့ရှိခဲ့ရပြီး အားလုံး သက်သာပျောက်ကင်းလို့ ဆေးရုံက ဆင်းခွင့်ရခဲ့ပြီးဖြစ်ကာ ပုံမှန်အတိုင်းရှိနေပြီဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းအတွင်း ပိုးတွေ့လူနာ ၇ ဦးမှာ အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၃ ဦးတို့ဖြစ်ပြီး သက်ဆိုင်ရာ ဆေးရုံတွေမှာ သီးခြားစောင့်ကြည့် ကုသပေးနေတယ်လို့ တိုင်းကိုဗစ်ထိန်းချုပ်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

error: Content is protected !!