Home > သတင်း > စီးပွားရေး > Covid ကပ်ရောဂါကြောင့် စစ်ကိုင်းမြို့ ဘော်ဂါကျောက်စိမ်းပုတီးဝိုင်းကို ယာယီပိတ်

Covid ကပ်ရောဂါကြောင့် စစ်ကိုင်းမြို့ ဘော်ဂါကျောက်စိမ်းပုတီးဝိုင်းကို ယာယီပိတ်

လတ်တလော ဖြစ်ပွားနေတဲ့ Covid -19 ကူးစက်မြန်ကပ်ရောဂါကြောင့် စစ်ကိုင်းမြို့ရှိ ဘော်ဂါကျောက်စိမ်းပုတီးဝိုင်းကို စက်တင်ဘာလ ၁၃ ရက်နေ့ကနေ စတင်ကာ ရက်အကန့်အသတ်မရှိ ယာယီပိတ်လိုက်တယလို့ ဘော်ဂါ ကျောက်စိမ်းပုတီးဝိုင်း အကျိုးတော်ဆောင်အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ စစ်ကိုင်းမြို့၊ ဒါးဝယ်စျေးတိုက်နယ်ရှိ ဘော်ဂါ ကျောက်စိမ်းပုတီးဝိုင်းကနေ ကိုဗစ်ကပ်ရောဂါ ကူးစက်တာမျိုးမဖြစ်စေရေးအတွက် အခုလို ရက်အကန့်အသတ်မရှိ ယာယီ ပိတ်သိမ်းလိုက်ခြင်းဖြစ်ပါတယ်။

“မန္တလေးဘက်မှာ ရောဂါကူးစက်ခံရတဲ့သူတွေက များနေတော့ မန္တလေးနှင့် စစ်ကိုင်းက ကပ်နေတာရယ်၊ မန္တလေးဘက်ကနေ ကျွန်တော်တို့ဆီ ကျောက်လာဝယ်သူတွေရှိလို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ကျောက်ဝိုင်းကို ယာယီပိတ်ဖို့ညွှန်ကြားခဲ့လို့ အခုလို ပိတ်တာပါ။”လို့ ဘော်ဂါ ကျောက်ပုတီးဝိုင်း အကျိုးတော်ဆောင် အဖွဲ့ ဥက္ကဌ ဦးအာင်စိုးမိုး ကပြောပါတယ်။

Covid-19 ကူးစက်မြန်ကပ်ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ဘော်ဂါ ကျောက်စိမ်းပုတီးဝိုင်းကို ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့ကနေ ဇွန်လအစောပိုင်းကာလအထိ ပိတ်ထားခဲ့ပြီး ဇွန်လလယ်နောက်ပိုင်းမှ သတ်မှတ်စည်းကမ်းချက်တွေနဲ့အညီ ပြန်လည်ဖွင့်လှစ်ခဲ့တာပါ။ လက်ရှိမှာလည်း စစ်ကိုင်းနဲ့ဆက်စပ်နေတဲ့ မန္တလေး၊ မြင်းမူ စတဲ့မြို့တွေမှာ Covid-19 ကူးစက်မြန်ရောဂါ ပြန်လည်မြင့်တက်လာလို့ ပြန်လည်ပိတ်လိုက်တာလည်း ဖြစ်ပါတယ်။ ဘော်ဂါကျောက်စိမ်းပုတီးဝိုင်းက စစ်ကိုင်းမြို့ အနောက်ဘက်ရှိ ကျေးရွာတွေနဲ့ မြို့ပေါ်ရက်ကွက်တချို့ရဲ့ အဓိက စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တာကြောင့် ရက်ရှည်ပိတ်မယ်ဆိုပါရင် ထိခိုက်နစ်နာမှုတွေလည်း ရှိလာ‌နိုင်တယ်လို့ဆိုပါတယ်။ အဲဒီကျောက်ဝိုင်းကို ၂၀၁၂-၂၀၁၃ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး နေ့စဉ် မနက် ၆ နာရီကနေ ည ၉ နာရီအချိန်အထိ အရောင်းအဝယ် ပြုလုပ်နေတာပါ။ Covid-19 ကပ်ရောဂါမဖြစ်ခင်က ဘော်ဂါကျောက်စိမ်းပုတီးဝိုင်းမှာ တရုတ်ကုန်သည်တွေအပါအဝင် နေ့စဉ် လူဦးရေ ၁၀၀၀ ဝန်းကျင် ဝင်ထွက် အရောင်းအဝယ် ပြုလုပ်နေကြတာလည်းဖြစ်ပါတယ်။ လက်ရှိအချိန်ထိ စစ်ကိုင်းတိုင်းအတွင်းက မြို့နယ် ၇ မြို့နယ်မှာ ကိုဗစ်ကပ်ရောဂါ ကူးစက်ခံထားရသူ ၇ ဦးထိ ရှိနေပြီဖြစ်ကာ အများစုက ပြည်တွင်းကူးစက်မှုတွေဖြစ်ပါတယ်။

သူရိယထက်

error: Content is protected !!