စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ ရွှေတွင်းကျေးရွာအုပ်စုရှိ “ရွှေလင်းယုန်” မူးယစ်ဆေးဝါး ကာကွယ်တားဆီးနှိမ်နင်းရေးအဖွဲ့ဝင် တစ်ဦးကို မူးယစ်ဆေးဝါး ရဲသတင်းပေးသူလို့ စွပ်စွဲပြီး မူးယစ်ဆေးဝါး သတင်းပေးတိုင်တန်းခံရသူ တစ်ဦးက နေအိမ်ပေါ်တက်ကာ ဓားနဲ့ခုတ်သတ်မှု စက်တင်ဘာလ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။
“သေဆုံးသူက အရပ်ဖက် မူး/တား အဖွဲ့ဝင် တစ်ယောက်ပါ။ မူးယစ်ဆေးဝါး သတင်းပေးသူလို့ စွပ်စွဲပြီး သတင်းပေးခံရသူက အငြိုးထား သတ်ဖြတ်တာလို့ ကနဦး ယူဆရတယ်။ စစ်ဆေးနေတုန်းမို့ အတည်ပြုချက်ရမှ အသေးစိပ်ပြောနိုင်မယ်။”လို့ ကောလင်းမြို့မရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
သေဆုံးသူက “ရွှေလင်းယုန်” မူးယစ်တာဆီးကာကွယ်ရေးအဖွဲ့မှ ကိုကျော်မိုးဆိုသူဖြစ်ပြီး အခင်းဖြစ်ချိန်က သူရဲ့နေအိမ်ရှေ့ခန်းမှာ ဇနီးဖြစ်သူနဲ့အတူ ဖုန်းကြည့်နေစဉ် အိမ်ထဲကို တစ်ရွာထဲနေ ကိုအောင်တုတ် ဆိုသူရောက်ရှိလာပြီး အသင့်ပါလာတဲ့ ဓားမနဲ့ ခုတ်ခဲ့တာဖြစ်တယ်လို့ ရဲစခန်းရဲ့ ကနဦးစစ်ဆေးချက်တွေအရ သိရပါတယ်။ ဓားခုတ်မှုကြောင့် ကိုကျော်မိုးမှာ ရင်ဘတ်၊ လည်ပင်းတို့မှာ ပြတ်ရှဒဏ်ရာတွေ ရရှိခဲ့ပြီး အခင်းဖြစ်ရာမှာပဲ သေဆုံးခဲ့တာဖြစ်ပါတယ်။ သေဆုံးသူအပါအဝင် နယ်မြေခံရဲတပ်ဖွဲ့က ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်က မူးယစ်ဆေးဝါး သတင်းအရ ကိုအောင်တုတ်ရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့သေးတယ်လို့ သိရပါတယ်။ ဒါကို အငြိုးထားပြီး သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ရဲ့ ကနဦး စစ်ဆေးချက်များအရ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ သေဆုံးသူရဲ့ ဇနီးဖြစ်သူ ဒေါ်စန်းစန်းနွဲ့က ကောလင်းမြို့မရဲစခန်းမှာ တရားလိုပြုလုပ်ကာ အမှုဖွင့်ခဲ့ပြီး ကောလင်းမြို့မရဲစခန်း (ပ)၁၈၂/၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ အရ သက်သေခံပစ္စည်းတွေနဲ့တကွ တရားခံဖမ်းဆီးကာ အမှုဖွင့် စစ်ဆေးနေပါတယ်။
မေဇင်မြင့် (မျက်မှောက်ခေတ်)