Home > သတင်း > တိုင်းရင်းသားကဏ္ဍ > တွန်းဇံမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး မြေသားအက်လာလို့ နေအိမ်တချို့ပြောင်းရွှေ့

တွန်းဇံမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး မြေသားအက်လာလို့ နေအိမ်တချို့ပြောင်းရွှေ့

ချင်းပြည်နယ်မြောက်ပိုင်း၊ တွန်းဇံမြို့တွင် မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့် မြေအက်ကွဲတာတွေဖြစ်ပေါ်နေပြီး လူနေအိမ်တစ်လုံး စက်တင်ဘာလ ၁၃ ရက်နေ့က ပြောင်းရွှေ့လိုက်ရပါတယ်။ တွန်းဇံမြို့မှာ အခုလ ၁၁ ရက်နေ့ကနေစတင်ကာ အဆက်မပြတ်ရွာသွန်းနေတဲ့ မိုးကြောင့် မြို့ပေါ်ရပ်ကွက်တချို့မှာ မြေကြီးအက်ကွဲကြောင်းတွေ ဖြစ်ပေါ်လာနေတဲ့အပြင် ဗိုလ်ချုပ်လမ်းပေါ်မှာရှိတဲ့ နေအိမ်တစ်လုံးက မြေကျွံပြိုကျမယ့် အနေအထားဖြစ်ပေါ်လာတဲ့အတွက် အရေးပေါ် ဖြိုဖျက် ပြောင်းရွှေ့ရတာတွေ ပြုလုပ်နေတာပါ။

“ဒီမနက် ၁၀ နာရီလောက်စပြီး မြေသားအက်ကြောင်းတွေ စဖြစ်လာတာပါ၊ ဝုန်ခေါ – လေးဆန် ရပ်ကွက် ဗိုလ်ချုပ်လမ်းက နေအိမ်တလုံးကို လောလောဆယ် ပြောင်းရွေ့ပေးနေတယ်။” လို့ သဘာဝဘေး ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို လုပ်ကိုင်ပေးနေတဲ့ တွန်းဇံမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဒီမနက်မှာတော့ မြေသားတွေပြတ်ရွေ့ပြီး အက်ကြောင်းတွေ ဖြစ်ပေါ်လာတဲ့အတွက် မိသားစုဝင် ၈ ယောက်နေထိုင်တဲ့ ဦးထန်ခန့်ဟောက်ရဲ့ နေအိမ်ဟာ နိမ့်ဝင်သွားပြီး အန္တရာယ်ရှိတာမို့ တွန်းဇံမြို့နယ် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကော်မတီက ပြောင်းရွေ့ပေးခဲ့ရတာဖြစ်ပါတယ်။ ပြောင်းရွေ့ပေးရန် လိုအပ်တဲ့အိမ်တွေကို လိုက်လံစီစစ်ပြီး ပြောင်းရွှေ့ပေးတာတွေ ဆက်လုပ်ပေးသွားမယ်လို့ သိရပါတယ်။ လတ်တလောမှာတော့ နေအိမ်ပြောင်းရွှေ့ရသူတွေကို နီးစပ်ရာ‌ ဆွေမျိုးအိမ်မှာ နေရာချထားပြီး မြေပြိုတာတွေ နောက်ဆက်တွဲဖြစ်ပေါ်လာနိုင်လို့ သတိပြုနေထိုင်ကြဖို့ကိုလည်း မြိုနယ်စီမံခန့်ခွဲမှု ဦးစီးဌာနက နှိုးဆော်ထားတယ်လို့ သိရပါတယ်။

မေဇင်မြင့် (မျက်မှောက်ခေတ်)

error: Content is protected !!