စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်တွင် စက်တင်ဘာလ ၁၃ ရက်နေ့က ရန်ကုန်က ပြန်လာသူတစ်ဦးထံကနေ ကိုဗစ်ကပ်ရောဂါပိုးတွေ့ရှိခဲ့ရတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ပါတယ်။
ရောဂါပိုး တွေ့ရှိသူကိုတော့ ကောလင်းမြို့၊ ပြည်သူ့ဆေးရုံက Isolation Room ကိုပြောင်းရွှေ့ကာ သီးခြားစောင့်ကြည့် ကုသပေးနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် သူနဲ့ ထိတွေ့ခဲ့သူတွေကိုလည်း လိုက်လံစုံစမ်းနေတယ်လို့ သိရပါတယ်။
“ပိုးတွေ့သူက အသက် ၂၈ နှစ်အရွယ် အမျိုးသားပါ။ သူ့ဟာသူ မသင်္ကာလို့ အိမ်ကိုတန်းမပြန်ဘဲ ကွာရင်တင်းဝင်နေတာ။ သူနဲ့ ဆက်စပ်တဲ့ သူတွေ၊ ကားအတူစီးခဲ့သူတွေကိုတော့ လိုက်လံ စုံစမ်းနေတုန်းပါပဲ။ အတိအကျ မေးမြန်းနေတုန်း။ လောလောဆယ်တော့ မြို့နယ်ကော်မရှင်ကလည်း ပါတီတွေ မဲဆွယ်စည်းရုံးတာတွေကို ရပ်ဆိုင်းထားဖို့ ညွှန်ကြားထားတယ်။ မြို့လူထုကတော့ အရင်ထက် စိုးရိမ်မှုတွေ ရှိလာတာပေါ့။”လို့ ကောလင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးက ပြောပါတယ်။
ကိုဗစ်အတည်ပြုလူနာက ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ကနေ စက်တင်ဘာလ ၄ ရက်နေ့က ပြန်လာခဲ့ပြီး မန္တလေးကတဆင့် မန္တလေး-ကောလင်းပြေးဆွဲနေတဲ့ အောင်ရတနာကားနဲ့ လိုက်ပါခဲ့တာဖြစ်ပါတယ်။ ပိုးတွေ့လူနာက ကောလင်းမြို့နယ်၊ ပဒုမ္မာကျေးရွာရှိ ကလေးပျော်ကျောင်း ကွာရင်တင်းစင်တာ – CBFQ မှာ ထားရှိကာ စောင့်ကြည့်ခဲ့တာပါ။ စက်တင်ဘာလ ၁၁ ရက်နေ့မှာတော့
Swab ရယူပြီး မန္တလေးမြို့၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနကို ပို့ဆောင်စစ်ဆေးခဲ့ရာမှာ COVID 19 ရောဂါပိုး ကူးစက်ခံထားရတာကို တွေ့ရှိခဲ့တာပါ။ ဒါ့အပြင် စက်တင်ဘာလ ၁၂ ရက်နေ့ကလည်း ကောလင်းမြို့နယ်မှာပဲ ရန်ကုန်က ပြန်လာသူတစ်ဦး လမ်းမှာ လဲကျတာ ရှိခဲ့ပြီး လတ်တလောမှာတော့ သီးခြားစောင့်ကြည့်တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်းမှာ အခုလအတွင်း ကိုဗစ်အတည်ပြုလူနာအနေနဲ့ ၃ ဦးရှိပြီလည်း ဖြစ်ပါတယ်။
လွင်မင်း (မျက်မှောက်ခေတ်)