Home > သတင်း > တရားဉပဒေစိုးမိုးရေး > ထီးချိုင့်မြို့နယ် NLD ပါတီ မဲဆွယ်ဗွီနိုင်း ဖျက်ဆီးသူတွေကို ဖမ်းဆီးအမှုဖွင့်

ထီးချိုင့်မြို့နယ် NLD ပါတီ မဲဆွယ်ဗွီနိုင်း ဖျက်ဆီးသူတွေကို ဖမ်းဆီးအမှုဖွင့်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်မှာ စက်တင်ဘာလ ၁၂ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်အချိန်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ – NLD ရဲ့ ပါတီကိုယ်စားလှယ်လောင်းတွေပုံပါ မဲဆွယ်ဗွီနိုင်းကို လာရောက်ဖျက်ဆီးခဲ့သူ လူငယ်နှစ်ဦးကို ဖမ်းဆီးကာ ပါတီတာဝန်ရှိသူတွေက သက်ဆိုင်ရာ ရဲစခန်းမှာ သွားရောက်အမှုဖွင့်လိုက်ပါတယ်။ ထီးချိုင့်မြို့နယ်၊ ကျောက်မှော်အုပ်စု၊ ဇီးကုန်းရွာအနီးမှာ စိုက်ထူထားတဲ့ ကိုယ်စားလှယ်လောင်း ၄ ဦးပုံပါ အလျား ၁၂၊ အနံ ၈ ပေရှိတဲ့ မြေစိုက် ဗွီနိုင်းပိုစတာကို ဇီးကုန်းကျေးရွာက ဒေသခံ လူငယ်နှစ်ဦးကနေ ဘတ်ခွနဲ့ပစ်၊ ခဲနဲ့ထုတာတွေပြုလုပ်ခဲ့တာလို့ ဒေသခံလွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။

“တစ်ယောက်အသက် ၂၂ နှစ်၊ နောက်တစ်ယောက်က ၂၄ နှစ်။ ၂ ကြိမ်လာဖျက်ဆီးတာလို့ မျက်မြင်တွေက ပြောတယ်။ ပထမတစ်ကြိမ်က ဘတ်ခွနဲ့လာပစ်တယ်။ ပြီးတော့ ခဲနဲ့ ထုတယ်။ ပြောရရင်တော့ ပါတီကို နည်းနည်းလေး စော်ကားတယ်လို့ ထင်တယ်။ အဲဒါကြောင့်လည်း အမှုဖွင့်တာပေါ့။ ကျန်တဲ့ နိုင်ငံရေးပါတီတွေနဲ့ ပြဿနာဖြစ်တာမျိုးတော့ မရှိပါဘူး။”လို့ ထီးချိုင့်မြို့နယ် လက်ရှိ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ် ရွေးကောက်ပွဲဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းလည်းဖြစ်တဲ့ ဦးသိန်းဟန်က ပြောပါတယ်။

လက်ရှိမှာ ဖမ်းဆီးထားသူနှစ်ဦးကိုတော့ ထောင်ဒဏ်နှစ်နှစ်ထိ ချမှတ်နိုင်တဲ့ အကျိုးဖျက်ဆီးမှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၂၇ နဲ့ ထီးချိုင့်မြို့မရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ထီးချိုင့်မြို့မရဲစခန်းကို ဆက်သွယ်လို့ မရရှိသေးပါဘူး။

လွင်မင်း (မျက်မှောက်ခေတ်)

error: Content is protected !!