Home > သတင်း > ကျန်းမာရေး > မြင်းမူမြို့နယ်က ကိုဗစ်လူနာနဲ့ ထိတွေ့ခဲ့သူ ၂၁ ဦးမှာ ကိုဗစ်ရောဂါပိုးမတွေ့

မြင်းမူမြို့နယ်က ကိုဗစ်လူနာနဲ့ ထိတွေ့ခဲ့သူ ၂၁ ဦးမှာ ကိုဗစ်ရောဂါပိုးမတွေ့

စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်တွင် စက်တင်ဘာလ ၁၀ ရက်နေ့ ညပိုင်းက ကိုဗစ်အတည်ပြုလူနာတစ်ဦးတွေ့ရှိခဲ့တာပါ။ ကိုဗစ်လူနာနဲ့ ထိတွေ့ခဲ့သူ ၂၁ ဦးကိုလည်း စာရင်းကောက်ယူပြီး ကွာရင်တင်းစင်တာတွေမှာ ထားရှိကာ ပထမအကြိမ် Swab ရယူစစ်ဆေးရာမှာတော့ ကိုဗစ်ကပ်ရောဂါပိုး မတွေ့ရှိရဘူးလို့ မြင်းမူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးစံသက်ထွန်းက ပြောပါတယ်။

ကိုဗစ်လူနာရဲ့ မိသားစုဝင် ၆ ဦးအပါအဝင် ထိတွေ့ခဲ့သူ ၁၅ ဦး စုစုပေါင်း ၂၁ ဦးတို့ရဲ့ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်တို့ကို ရယူပြီး စက်တင်ဘာ ၁၁ ရက်နေ့က မန္တလေးမြို့၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာနကို ပို့ဆောင်စစ်ဆေးခဲ့ရာမှာ စက်တင်ဘာ ၁၂ ရက်နေ့ ညပိုင်းက Negative အဖြေ ထွက်ရှိကြောင်း သိရတာဖြစ်ပါတယ်။

“မိသားစုဝင် ၆ ယောက်နှင့် ထိတွေ့တဲ့သူ ၁၅ ယောက်ကို စစ်ဆေးခဲ့တာပါ။ အားလုံးက Negative ထွက်ပါတယ်။ သူတို့ကိုဆက်ပြီး Quaratine Center မှာ ထားမယ်။ သူတို့ရဲ့အခြေအနေ စောင့်ကြည့်မယ်။ ရွာရဲ့အခြေအနေကိုလည်း စောင့်ကြည့်မယ်။”လို့ ဦးစိုးစံသက်ထွန်းက ပြောပါတယ်။

ကိုဗစ်ပိုးတွေ့လူနာက ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်က KTV တစ်ခုမှာ အလုပ်လုပ်ပြီး ပြန်လာခဲ့သူဖြစ်ကာ အနံမရလို့ စက်တင်ဘာ ၉ ရက်နေ့က မြင်းမူမြို့ ပြည်သူ့ဆေးရုံကို လာရောက်ပြသခဲ့ပြီး စစ်ဆေးခဲ့ရာကနေ ရောဂါပိုးကူးစက်ခံထားရတာကို တွေ့ရှိခဲ့တာပါ။

“သူက မရမ်းကုန်းမြို့နယ်ကနေ ပြန်လာတာပါ။ KTV တစ်ခုမှာ အလုပ်လုပ်ပြီးပြန်လာတာပါ။ အဲတုန်းက မရမ်းကုန်းမြို့နယ်က Stay at Homeမဟုတ်တော့ Q မဝင်ရသေးဘူး။ ဒါပေမယ့် သူကအနံမရလို့ ဆေးရုံကိုလာပြလို့ သံသယလူနာထဲ ထည့်လိုက်တယ်။ သူတို့ Swab ယူစစ်ဆေးတဲ့အခါ ရောဂါပိုးတွေ့ရှိခဲ့တာပါ။”လို့လည်းပြောပါတယ်။

ကိုဗစ်အတည်ပြုလူနာက အသက် ၂၁ နှစ်အရွယ် အမျိုးသားဖြစ်ကာ မြင်းမူမြို့နယ် မဲနောကျေးရွာက ဖြစ်ပါတယ်။ လက်ရှိမှာတော့ လူနာကို မြင်းမူမြို့  ပြည်သူ့ဆေးရုံမှာထားရှိပြီး ကျန်းမာရေးအခြေအနေ ကောင်းမွန်တယ်လို့လည်း သိရပါတယ်။

သူရိယထက်

error: Content is protected !!