စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ မဲနောကျေးရွာမှာ စက်တင်ဘာ ၁၀ ရက်နေ့ညပိုင်းက ကိုဗစ်ရောဂါအတည်ပြုလူနာတစ်ဦး တွေ့ရှိခဲ့ပါတယ်။ ပိုးတွေ့လူနာက ရန်ကုန်မြို့ရှိ ကေတီဗွီတစ်ခုမှာ အလုပ်လုပ်ကိုင်ခဲ့ပြီး နေရပ်ကို ပြန်လည် ရောက်ရှိလာခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။
စက်တင်ဘာလ ၄ ရက်နေ့က ရန်ကုန်ကနေ နေရပ်ကို မိုးကောင်းကင် Express ကားနဲ့ ပြန်လာခဲ့သူဖြစ်ပြီး ကားပေါ်မှာသူနဲ့ထိတွေ့ခဲ့သူ ခရီးသည်ပေါင်း ၁၉ ဦးထက်မနည်းရှိခဲ့ပြီး အဲဒီခရီးသည်တွေကို တာဝန်ရှိသူတွေက သွားရောက်ခေါ်နေကြပြီး ကိုဗစ်စင်တာတွေကို ပို့ပေးခဲ့တယ်လို့ သိရပါတယ်။
ကိုဗစ်ရောဂါပိုးတစ်ဦးတွေ့ရှိခဲ့သူမှာ အမျိုးသားတစ်ဦးဖြစ်ပြီး သူနဲ့အတူ တစ်အိမ်တည်းနေခဲ့တဲ့ မိသားစုဝင် ခုနှစ်ဦးရှိခဲ့တာဖြစ်ပါတယ်။ မိသားစုတွေအားလုံးကို တာဝန်ရှိသူတွေက သွားရောက်ခေါ်ခဲ့ကြပြီး ကိုဗစ်ကာကွယ်ရေးစင်တာတွေကို ပို့ပေးခဲ့တယ်လို့ သိရပါတယ်။
မြင်းမူမြို့နယ် မဲနောကျေးရွာက ပိုးတွေ့လူနာတစ်ယောက်တွေ့တယ်။သူက ရန်ကုန်မှာ အလုပ်လုပ်ပါတယ်။သူအလုပ်လုပ်ခဲ့တဲ့နေရာကတော့ မရမ်းကုန်းမြို့နယ် ဦးချစ်မောင်လမ်းမှာရှိတဲ့ ကေတီဗွီမှာ အလုပ်လုပ်ပါတယ်။အဲဒီမှာ သူက အလုပ်လုပ်တာ သုံးလလောက်ရှိပါတယ်။မြင်းမူကို မိုးကောင်းကင်ကားနဲ့ စက်တင်ဘာလ သုံးရက်နေ့ညက ပြန်လာတယ်လို့ မြင်းမူမြို့နယ် ကျန်းမာရေးမှုးဒေါက်တာကေသီခိုင်က ပြောပါတယ်။
လက်ရှိမှာ ရောဂါပိုးကူးစက်ခံရသူတွေ့ရှိထားတဲ့ ကလေးမြို့မှာ တိုင်းအစိုးရက ထုတ်ပြန်ထားတဲ့ အမိန့်ညွှန်ကြားချက်တွေအပြင် လက်တလော ဒေသန္တရအမိန့် ထုတ်ပြန်တာမျိုးလည်း မရှိသေးဘူးလို့ သိရပါတယ်။ကလေးမြို့က မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါပိုး စတင်တွေ့ရှိချိန်ကလည်း ပိုးတွေ့လူနာ ၆ ဦးထိရှိခဲ့ပါသေးတယ်။
မြန်မာနိုင်ငံမှာ ကယားပြည်နယ်ကလွဲလို့ အခြားတိုင်းနဲ့ပြည်နယ်တွေ ကိုဗစ်ကပ်ရောဂါ ကူးစပ်မှုတွေဖြစ်နေတာပါ။ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ စက်တင်ဘာလ ၁၁ရက်နေ့ မနက်ပိုင်းက ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာအသစ် ၁၁၅ ဦးအထိရှိခဲ့ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၂၂၆၅)ဦးအထိရှိလာနေတယ်လို့လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ထပ်မံပါရှိခဲ့ပြီး ကိုဗစ်ရောဂါ ဓာတ်ခွဲအတည်ပြု လူနာတွေအနက် သေသူပေါင်း (၁၄)ဦးအထိ ရှိနေပြီလည်းဖြစ်ပါတယ်။စစ်ကိုင်းတိုင်းဒေသကြီးမှာ အစောပိုင်းကာလက ပိုးတွေ့လူနာ ၉ ဦးအထိရှိခဲ့ပြီး အားလုံးရောဂါပျောက်ကင်းသွားပြီဖြစ်ကာ အခုတွေ့ရှိတာက စစ်ကိုင်းတိုင်းရဲ့ ၁၁ ယောက်မြောက် လူနာလည်း ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးမှာ အစောပိုင်းကာလက ပိုးတွေ့လူနာ ၉ ဦးထိ ရှိခဲ့ပြီး အားလုံးရောဂါပျောက်ကင်းသွားပြီဖြစ်ကာ စက်တင်ဘာလ ၁၀ ရက်နေ့ကလည်း ကလေးမြို့မှာ ကိုဗစ်အတည်ပြုလူနာတစ်ဦးရှိခဲ့ပြီး အခုတွေ့ရှိတာက တိုင်းအတွင်း ၁၁ ယောက်မြောက် လူနာလည်းဖြစ်ပါတယ်။
မျက်မှောက်ခေတ်