Home > သတင်း > စီးပွားရေး > ကိုဗစ်ကာလ စစ်ကိုင်းတိုင်းဒေသကြီးမှထွက်ရှိသော လျှော်ဖြူစျေးကွက် ကျဆင်းလို့ တောင်သူတွေ အခက်တွေ့

ကိုဗစ်ကာလ စစ်ကိုင်းတိုင်းဒေသကြီးမှထွက်ရှိသော လျှော်ဖြူစျေးကွက် ကျဆင်းလို့ တောင်သူတွေ အခက်တွေ့

စစ်ကိုင်းတိုင်းဒေသကြီးမှထွက်ရှိတဲ့ လျှော်ဖြူအစေးစျေးကွက်က ကိုဗစ်ကပ်ရောဂါဖြစ်ပွားနေတဲ့ ကာလအတွင်း အရင်နှစ်တွေထက် စေ◌ျးနှုန်း ကျင်းနေပြီး တောင်သူတွေ ဝင်ငွေအခက်အခဲ ဖြစ်နေတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး လျှော်ဖြူစိုက်ပျိုး ထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဌ ဦးဇော်မင်းက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်က လျှော်ဖြူအစေး ၁ ပိသာကို ငွေကျပ် ၃ သောင်းခွဲရှိပြီး အခုလက်ရှိမှာတော့ ၁ ပိသာကို ငွေကျပ် ၁ သောင်းအောက်သာရှိတဲ့အတွက် စျေးကွက်ကျဆင်းနေပြီး တောင်သူတွေ အခက်အခဲဖြစ်နေကြတာပါ။

“အခုလက်ရှိ လျှော်ဖြူအစေး စျေးကွက်အနေအထားက အေးနေတယ်။ လျှော်ဖြူအစေး ၁ ပိသာကို ၁ သောင်းအောက်မှာပဲ အရောင်းအဝယ်ဖြစ်နေတယ်။ ပုံမှန်လျှော်ဖြူထုတ်လုပ်သူလည်း ရှိတယ်။ နားတဲ့ခြံကလည်း နားတယ်။ ထုတ်တဲ့ခြံကထုတ်တယ်။ အရင်နှစ်ကလိုတော့ စျေးတအားမရဘူးပေါ့။ ထုတ်ပြီးတော့ ရောင်းနေကြတာပဲ။ ပုံမှန်အကျိုးအမြတ်တော့ရှိတာပဲ။ တရုတ်က လျှော်ဖြူအဝယ်နည်းသွားတယ်။ ကိုဗစ်ကြောင့် တရုတ်ကလည်း စီးပွားရေးကုန်သွယ်မှုတွေလည်း ရပ်ဆိုင်းကုန်တယ်။ လျှော်ဖြူတွေလည်း ရပ်ဆိုင်းသွားတာ။”လို့ ဦးဇော်မင်းက ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးမှထွက်ရှိတဲ့ လျှော်ဖြူအစေးတွေကို တရုတ်နိုင်ငံကိုသာ အဓိကထား တင်ပို့ရောင်းချတာဖြစ်ပြီး လက်ရှိမှာ ကိုဗစ်ကြောင့် လျှော်ဖြူအစေးတင်ပို့ရောင်းချမှု ရပ်ဆိုင်းခဲ့ရတာပါ။ “အခုဟာက အမြတ်ကနည်းနည်းရတယ်။ အမြတ်နည်းတော့ တချို့က မထုတ်တော့ဘူး။ တချို့ကတော့ ထုတ်တယ်။ ထုတ်တဲ့သူနဲ့မထုတ်တဲ့သူက တစ်ဝက်လောက်ရှိမယ်။ မိသားစုစားဝတ်နေရေးအရ ထုတ်နေတဲ့သူကတော့ရှိပါတယ်။ ကျွန်တော်တို့ လျှော်ဖြူလုပ်ငန်းက မိသားစု တပိုင်တနိုင်လုပ်ငန်းဖြစ်တဲ့အတွက် သူများဆီမှာ အလုပ်ထွက်လုပ်ရမယ့်အစား ကိုယ့်အလုပ်ကိုယ် လုပ်တာပေါ့ဗျာ။ ကိုယ့်အလုပ်ကိုယ်လုပ်တော့ နေ့စဉ်ဝင်ငွေရတာပေါ့။”လို့ လည်း လျှော်ဖြူစိုက်တောင်သူတစ်ဦးက ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ လျှော်ဖြူတွေကို တစ်နှစ်တစ်နှစ်တိုးချဲ့စိုက်ပျိုးနေရာ အရည် အသွေးပြည့်မီတဲ့ လျှော်ဖြူအစေးတွေကို ထုတ်လုပ်ပြီး ပြည်ပဈေးကွက်ကို တင်ပို့နိုင်ရေးအတွက် ကြိုး ပန်းဆောင်ရွက်နေတာလည်း ရှိနေပါတယ်။

“ကျွန်တော်တို့ လျှော်ဖြူအစေးတွေကို ပြည်ပစျေးကွက်အထိ တင်ပို့နိုင်ဖို့ ကြိုးစားနေပါတယ်။ စီးပွားရေးပွင့်လင်းတဲ့အချိန်တောင်မှ ထူးခြားမှုနည်းသေးတာ။ အခုဟာက ကိုဗစ်ကာလနဲ့ဆိုတော့ ကြိုးစားမှုတောင် ရပ်ထားရတယ်။ ဟောင်ကောင်က ဝယ်လက်က စစ်ကိုင်းတိုင်းအထိဆင်းဝယ်တယ်။ သူကလည်း တရုတ်စျေးကွက်နဲ့အတူတူပဲ စျေးမပေးဘဲနဲ့နှိမ်ဝယ်တာပေါ့။ ထိုင်ဝမ်ဘက်ကနေ လာဝယ်မယ်လို့ ပြောထားတာရှိတယ်။ လာတော့မဝယ်သေးဘူး။ လာဝယ်လည်း စျေးကွက်ကို သူတို့ထိန်းဝယ်မှာပါ။”လို့ ဦးဇော်မင်းက ပြောပါတယ်။

လျှော်ဖြူအစေးတွေကို ပုံမှန်သက်တမ်း ၃ နှစ်အရွယ်ကစကာ ထုတ်ယူပြီး အပင်ကို ပြုစုစောင့်ရှောက်မှုအပေါ်မူတည်ကာ ထုတ်လုပ်ကြတာပါ။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ လျှော်ဖြူတွေကို မုံရွာမြို့နယ်၊ အရာတော်မြို့နယ်၊ စစ်ကိုင်းမြို့နယ်၊ ရွှေဘိုမြို့နယ်၊ ယင်းမာပင်မြို့နယ်၊ ကသာမြို့နယ်၊ ကန့်ဘလူမြို့နယ်၊ ကလေးမြို့နယ် စတဲ့ မြို့နယ်တွေမှာ စိုက်ပျိုးကြပြီး စိုက်ဧက ၃ သောင်းဝန်းကျင်ရှိပါတယ်။

သူရိယထက်

error: Content is protected !!