စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် အထက (၁) ၁၉၉၇ ပညာသင်နှစ် ကျောင်းသားဟောင်းများ အဖွဲ့ကနေ စက်တင်ဘာလ ၁၀ ရက်နေ့ မနက်ပိုင်းက ကိုဗစ်ကပ်ရောဂါ ကာကွယ်ရေးအတွက် Mask ၂ သောင်းကျော်ကို လူစည်ကားရာ နေရာတွေမှာ အခမဲ့ ပေးဝေခဲ့ကြပါတယ်။ မုံရွာမြို့ပေါ်က ကန်သာယာဈေး၊ ဈေးဟောင်းနှင့် နာရီစင်အနီးတို့မှာ ဈေးရောင်း /ဈေးဝယ်သူတွေ၊ လမ်းသွားလမ်းလာတွေကို ပါးစပ်၊ နှာခေါင်းစည်း (Mask) ၂၀၇၅၀ ခုကိုအခမဲ့ ဖြန့်ဝေပေးခဲ့တာပါ။
“Covid အတွက်အရေးကြီးတဲ့ ကဏ္ဍတွေမှာ ကျနော်တို့သူငယ်ချင်းတွေစုပြီးတော့ ပရဟိတလုပ်ငန်းတွေကို လုပ်နိုင်ဖို့ ဆောင်ရွက်နေပါတယ်။ ဒီနေ့ ပထမဆုံးအနေနဲ့ တစ်ဦးကို Mask (5) ခုနှုန်း အထုပ်လေးတွေ ထုပ်ပြီးတော့ Mask အခုရေ နှစ်သောင်းခုနှစ်ရာ့ငါးဆယ်ဝေခဲ့ပါတယ်။ ကန်သာယာဈေးမှာဆိုရင်လည်း ဈေးသည်တွေကိုလည်း တစ်ယောက်ကို Mask (5) ခုပါ အထုပ် (၁) ထုပ်ကို ဈေးဝယ်တွေ၊ လမ်းသွား လမ်းလာတွေကိုလည်း ဝေခဲ့ပါတယ်။ ကျနော်တို့ ပေးလိုက်ရတဲ့ Mask လေး (၅) ခုက တစ်ချို့ဆိုရင် တစ်ခုကိုသုံးလေးရက်လောက်အထိ သုံးကြတယ်။ အခုက (၅) ခုဆိုတော့ တစ်ပတ်စာလောက် လုံလောက်မယ် ထင်ပါတယ်။ ပြီးတော့ ကိုယ်က ရောဂါမရှိပေမဲ့ သူများဆီက မကူးစက်နိုင်အောင် ကာကွယ်တဲ့သဘောအနေနဲ့ ပေးဝေတာဖြစ်တဲ့အတွက် ကျနော်တို့ မုံရွာမြို့ကြီးကို စုပေါင်းအားနဲ့ Covid ကို ကာကွယ်မယ်ဆိုတဲ့ ရည်ရွယ်နဲ့ ဝေတာ ဖြစ်ပါတယ်။”လို့ မုံရွာမြို့၊ အထက(၁) ကျောင်းသားဟောင်းများအဖွဲ့မှ ကိုမိုးခိုင်က ပြောပါတယ်။
ဈေးလိုနေရာတွေက လူအများစုနဲ့ ထိတွေ့ဆက်ဆံရတဲ့ နေရာဖြစ်ကာ Covid-19 ကူးစက်ရောဂါကြိုတင်ကာ ကွယ်နိုင်ရေးအတွက် ဈေးရောင်း၊ ဈေးဝယ်တွေကို အဓိကထားကာ အခမဲ့ဖြန့်ဝေပေးခဲ့တာလည်းဖြစ်ပါတယ်။
“Covid-19 ကူးစက်ရောဂါက ဒုတိယလှိုင်းအနေနဲ့ ကျနော်တို့ နိုင်ငံမှာ ပြန်ရောက်နေပြီ။ အရေအတွက်က လည်း တစ်ရက်တစ်ရက်ပိုးတွေ့တဲ့လူနာက များလာပြီ။ ဒါပေမဲ့ ပြည်သူတွေက ပထမတုန်းကလို သတိမရှိကျတော့ဘူး။ အဲဒါကြောင့်မို့ ကျနော်တို့က အခြေခံလူတန်းစားတွေအနေနဲ့ သူတို့လက်ထဲမှာ Mask များများရှိထားမှ ဖြစ်မယ်ဆိုပြီးတော့ အခြေခံလူတန်းစား တွေအများဆုံးရှိတဲ့ ကန်သာယာဈေးမှာ အခမဲ့ဖြန့်ဝေတာဖြစ်ပါတယ်။ အထက (၁) က 97 ကျောင်းသူ/သားဟောင်းတွေ သူငယ်ချင်းတွေ စုပြီးတော့ လုပ်ဖြစ်တာပါ။ အခြားပရဟိတလေးတွေလည်း အလျဉ်းသင့်သလို စုပေါင်းပြီးတော့လုပ်တာလေးတွေရှိပါတယ်။ Mask ဝေတာကတော့ ပထမဆုံး စုပေါင်းပြီးတော့ ဝေလိုက်တာပါ။”လို့ ကျောင်းသားဟောင်းများအဖွဲ့ဝင် ဦးအောင်နေမျိုးက ပြောပါတယ်။
မုံရွာမြို့၊ အထက(၁) 1997ကျောင်းသားဟောင်းများ အဖွဲ့အနေနဲ့ Covid ကူးဆက်ရောဂါဖြစ်ပွားမှု ကြောင့် စားဝတ်နေရေးအခက်အခဲများ ဖြစ်ပေါ်ခဲ့တဲ့ အခြေခံလက်လုပ်လက်စား အိမ်ထောင်စု (၁၀၀) ကို ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ အာလူး အစရှိသည့် အခြေခံစားသောက်ကုန်(၁၀)မျိုး ထောက်ခဲ့တာတွေလည်း ရှိခဲ့ပါတယ်။
အေပီတီ (မျက်မှောက်ခေတ်)