ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် စက်တင်ဘာလ ၉ ရက်နေ့ နေ့လည်ပိုင်းက ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်လိုက်ပါလာတဲ့ စက်လှေကို ရခိုင့်တပ်တော် (AA) က ပစ်ခတ်ခဲ့တယ်လို့ ဝန်ကြီးဦးစိုးထက်က အတည်ပြုပြောပါတယ်။
ချင်းပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်က ပလက်ဝမြို့နယ်မှာ နယ်မြေဖွံ့ဖြိုးရေးကွင်းဆင်းခရီးကို စက်လှေနဲ့သွားရောက်စဉ် ပစ်ခတ်ခံခဲ့ရတာပါ။
“ပစ်ခတ်ခံရတာ ဟုတ်ပါတယ်။ နယ်မြေလုံခြုံရေးအခြေအနေကြောင့် အသေးစိတ်ကို ပြောလို့မကောင်းဘူး။ လူကတော့ ထိခိုက်မှုမရှိဘူး။”လို့ ဦးစိုးထက်က မျက်မှောက်ခေတ်သတင်းဌာနကို အတည်ပြု ပြောဆိုပါတယ်။
သေနတ်နဲ့ ပစ်ခတ်ခံရတာကို အတည်ပြုပေမယ့် လုံခြုံရေးကြောင့် ဘယ်နားမှာ ပစ်ခတ်ခံရတယ်။ ဘယ်နှစ်ချက်ပစ်တယ် စတဲ့ အသေးစိပ်အချက်အလက်ကိုတော့ ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး AA အဖွဲ့ကို ဆက်သွယ်မေးမြန်းဖို့ရာမှာတော့ အခက်အခဲတွေလည်း ရှိနေပါတယ်။
ဝန်ကြီးဦးစိုးထက်ဦးဆောင်တဲ့အဖွဲ့က ပြီးခဲ့ရက်ပိုင်းက ပလက်ဝမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း တွေကို သွားရောက်ကာ ကွင်းဆင်းကြည့်ရှုခဲ့တာပါ။ ဦးစိုးထက်က လာမယ့်ရွေးကောက်ပွဲမှာ ပလက်ဝမြို့နယ် အမှတ် ၁ မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်သားလှယ်နေရာကနေ ယှဉ်ပြိင်သွားမှာလည်း ဖြစ်ပါတယ်။
သူရိယထက်