Home > သတင်း > စီးပွားရေး > ကိုဗစ်ကြောင့် သနပ်ခါးစျေးကွက်ကျဆင်းပြီး သနပ်ခါးစိုက်ဧကလျော့ကျ

ကိုဗစ်ကြောင့် သနပ်ခါးစျေးကွက်ကျဆင်းပြီး သနပ်ခါးစိုက်ဧကလျော့ကျ

စစ်ကိုင်းတိုင်းဒေသကြီးမှာ သနပ်ခါးစျေးကွက် ကျဆင်းနေတာကြောင့် အခုနှစ်အတွင်း သနပ်ခါးစိုက်ဧက အရင်နှစ်ထက် လျော့ကျလာတယ်လို့ မြန်မာနိုင်ငံ သနပ်ခါးစိုက်ပျိုး ထုတ်လုပ် ရောင်းချသူများအသင်း ဥက္ကဌ ဦးကျော်မိုးက ပြောပါတယ်။

သနပ်ခါးစျေးကွက်က ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်နဲ့ နှိုင်းယှဉ်ကြည့်ရင် ဒီနှစ် သနပ်ခါးစျေးကွက်မှာ ၃၀ ရာခိုင်နှုန်းလောက် ကျဆင်းသွားတာပါ။

“အဓိကတော့ ကိုဗစ်ပြသနာပါ။ ကိုဗစ်ကြောင့် မန္တလေးမှာ သနပ်ခါးအဓိက ရောင်းတဲ့နေရာ ဘုရားကြီး သနပ်ခါးစျေးကွက်တို့၊ ကောင်းမှုတော်တို့၊ ကျောက္ကာရွှေဂူနီတို့၊ မိုးညှင်းသမ္ဗုဒ္ဓေ၊ ဗောဓိတထောင်တို့လို  ဘုရားတွေမှာရောင်းချနေတဲ့ စျေးကွက်တွေက ပိတ်ထားလိုက်ရတယ်။ ဆယ့်နှစ်ပွဲစေ◌ျးသည် သနပ်ခါးသည်တွေလည်း ပိတ်ရတယ်။ အဲဒီအကြောင်းရင်းကြောင့် သနပ်ခါးဝယ်လက်တွေက တော်တော်လေး လျော့ကုန်တာပေါ့။ ဝယ်လက်လျော့တော့ သနပ်ခါးစိုက်တဲ့တောင်သူတွေလည်း စျေးကွက်တွေကျပြီး အခက်တွေ့တာပေါ့။ အဓိကတော့ ရောင်းတဲ့စျေးကွက်ရပ်တန့်သွားတာ။”လို့ ဦးကျော်မိုးက ပြောပါတယ်။

သနပ်ခါးစျေးကွက်ကျဆင်းနေတဲ့အတွက် သနပ်ခါးအစား ဒန့်သလွန်၊ လျှော်ဖြူနှင့် သရက်ပင်တွေကို အစားထိုး စိုက်လာတယ်လို့လည်း သိရပါတယ်။

“သနပ်ခါးက နှစ်ရှည်ပင်ဆိုတော့ သွင်းအားစုတွေ များလာတာရော၊ စျေးကွက်ကလည်း ကျဆင်းလာတာရော တောင်သူတွေက ခြောက်လနဲ့ပေါ်တဲ့ ဒန့်သလွန်တို့၊ တစ်နှစ်နဲ့ပေါ်တဲ့သရက်တို့၊ လျှော်ဖြူတို့၊ ရာသီပေါ်သီးနှံလေးတွေ အစားထိုး ပြောင်းလဲစိုက်လာတာများလာတယ်။ အရာတော်မှာ သနပ်ခါးစိုက်ဧက ၁ သိန်းကျော်ရှိတယ်။ အခုဆိုရင် ၁ သောင်းခွဲလောက် လျော့သွားတယ်။ တစ်တိုင်းလုံးအနေနဲ့ သောင်းဂဏန်အထိတော့ ရှိတယ်။”လို့လည်း ဦးကျော်မိုးက ပြောပါတယ်။

သနပ်ခါးစျေးကွက်တွေ ပြန်လည်မြှင့်မားလာရေးအတွက် သြဂုတ်လ ၂၄ ရက်နေ့က ရန်ကုန်မြို့ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနရုံးမှာ စားသုံးသူရေးရာဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဉီးစီးဌာန၊ သက်ဆိုင်ဌာနများနှင့် ပူးပေါင်းပြီး သနပ်ခါးစံချိန်စံညွှန်း ရေးဆွဲရေးကော်မတီကို ဖွဲ့စည်း လုပ်ဆောင်လျက်ရှိတယ်လို့လည်း သိရပါတယ်။

“ပြည်တွင်းက ထုတ်လုပ်နေတဲ့ အလှကုန်သမားတွေရော၊ ပြည်ပကနေတင်သွင်းနေတဲ့ အလှကုန်သမားတွေရော၊ သနပ်ခါးအာမခံချက်မရှိတဲ့ အလှကုန်တွေကို ထိထိမိမိအရေးယူဖို့ လုပ်ဆောင်နေပါတယ်။ စားသုံးသူဥပဒေအရလည်း လုပ်တော့လုပ်နေတယ်။ လိုက်လံစစ်ဆေးနေတာတွေ လုပ်နေပါပြီ။”လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်းကလည်း မုံရွာမြို့မှာ အလှကုန်ပစ္စည်းအရောင်းဆိုင် ၇ ဆိုင်ကို သနပ်ခါးအမည်ခံ ရောင်းချနေတဲ့ အလှကုန်တွေမှာ သနပ်ခါးပါဝင်မှု ရှိမရှိဆိုတာနဲ့ပတ်သက်ပြီး သက်ဆိုင်ရာနဲ့ပူးပေါင်းကာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး သတိပေးတာတွေလည်း ရှိခဲ့ပါတယ်။

သူရိယထက်

error: Content is protected !!