Home > သတင်း > ကျန်းမာရေး > ခွင့်မပြုဆိုးဆေးတွေနဲ့ ထုတ်လုပ်ထားတဲ့ ငြုပ်သီးမှုန့်နှင့် နနွန်းမှုန့် လုပ်ငန်းရှင် နှစ်ယောက်ကို DOCA အမှုဖွင့်

ခွင့်မပြုဆိုးဆေးတွေနဲ့ ထုတ်လုပ်ထားတဲ့ ငြုပ်သီးမှုန့်နှင့် နနွန်းမှုန့် လုပ်ငန်းရှင် နှစ်ယောက်ကို DOCA အမှုဖွင့်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် စားသုံးသူကို ဘေးဥပါဒ် ဖြစ်စေနိုင်တဲ့ ခွင့်မပြု ဓာတုဆိုးဆေးတွေကို အသုံးပြုပြီး ငြုပ်သီးမှုန့်နှင့် နနွန်းမှုန့် ထုတ်လုပ်ရောင်းချ ဖြန့်ဖြူးတဲ့ လုပ်ငန်းရှင် နှစ်ယောက်ကို တိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာနက တရားလိုပြုလုပ်ကာ အမှုဖွင့် တိုင်တန်းလိုက်တယ်လို့ သိရပါတယ်။

“သိန်းကမ္ဘာ ငြုပ်ကြမ်းမှုန့်နှင့် အရောင်တင်မှုန့် (၂) မျိုးကို နမူနာ ရယူပြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (နေပြည်တော်)ကို ဓာတ်ခွဲစစ်ဆေးဖို့ ပို့ဆောင်ခဲ့တယ်။ ဓာတ်ခွဲအဖြေက အဲ့ဒီ ငြုပ်ကြမ်းမှုန့်နှင့် အရောင်တင်မှုန့်တွေမှာ Sudan–III တွေ့ရှိရတယ်လို့ စစ်ဆေးချက်ကို ပြန်ကြားတယ်။ အကြိမ်ကြိမ် တားမြစ်တဲ့ကြားက လိုက်နာမှုမရှိလို့ အမှုဖွင့်ရတာဖြစ်တယ်။” လို့ စစ်ကိုင်းတိုင်းဒေသကြီး အစားအ သောက်နဲ့ ဆေးဝါးကွက်ကဲရေး ဦးစီးဌာန ဦးစီးမှူး ဒေါက်တာ ဟိန်းထက်အောင် က ပြောပါတယ်။

မုံရွာမြို့၊ ဒေါနခြံရပ်ကွက်ထဲက ငြုပ်မှုန့်နှင့် နနွန်းမှုန့် ထုတ်လုပ် ရောင်းချတဲ့ လုပ်ငန်းရှင် တစ်ဦး၊ အောင်ချမ်း သာရပ်ကွက်ထဲက နနွန်းမှုန့်၊ ငြုပ်မှုန့်နှင့် အရောင်တင်မှုန့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချတဲ့ လုပ်ငန်းရှင် တစ်ဦး စုစုပေါင်း လုပ်ငန်းရှင်နှစ်ဦးကို စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး ဒေါက်တာ ဟိန်းထက်အောင် က တရားလိုပြုလုပ်ပြီး စက်တင်ဘာလ ၆ ရက်နေ့က မုံရွာမြို့မရဲစခန်းမှာ အမှုဖွင့်တိုင်တန်းခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ တိုင်တန်းချက်ကို ရဲစခန်းက (ပ) ၇၅၀ /၂၀၂၀ အမျိုးသား အစားအသောက် ဥပဒေ ပုဒ်မ ၂၈ (က) အရ လက်ခံပြီး စစ်ဆေးဆောင်ရွက်နေပါတယ်။

“ခွင့်မပြု ဓာတုဆိုးဆေးတွေ ပါဝင်တဲ့ စားသောက်ကုန်တွေကို စားသုံးမိရင် အစာအိမ်နှင့် အူလမ်းကြောင်း၊ ဦးဏှောက်နဲ့ အာရုဏ်ကြော ရောဂါတွေ ဖြစ်တတ်တယ်။ ဆိုးတာက အစားအသောက် ဆိုတာနဲ့ အသည်းနှင့် ကျောက်ကပ်က တိုက်ရိုက် ပတ်သက်နေတာ။” လို့ မြန်မာနိုင်ငံ ဆေးဝါးသုတေသနနှင့် ဓာတုအဆိပ် သုသေတန ဌာနခွဲမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန် တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။ ဒါ့အပြင် DOCA ရဲ့ အမှုဖွင့် တိုင်တန်းခြင်းခံထားရတဲ့ ငြုပ်မှုန့်၊ နနွန်းမှုန့်နှင့် အရောင်တင်မှုန့်တွေထဲမှာ ဖွဲနုတွေ ရောနှောကြိတ်ထားပြီး ခွင့်မပြုဆိုးဆေး Sudan–III တွေ ပါဝင်နေတာကြောင့် ပြည်သူတွေ မသုံးစွဲမိဖို့ ကိုလဲ စစ်ကိုင်းတိုင်းဒေသကြီး အစားအသောက်နဲ့ ဆေးဝါးကွက်ကဲရေး ဦးစီးဌာနက အကြံပြုထားတယ်လို့ သိရှိရပါတယ်။

မေဇင်မြင့် (မျက်မှောက်ခေတ်)

error: Content is protected !!