Home > သတင်း > ကျန်းမာရေး > တမူးမြို့တွင် နှာခေါင်းစည်း (Mask) မတပ်ဆင်ဘဲ အပြင်သွားလာသူ ၉၀၀ ကျော်အရေးယူထား

တမူးမြို့တွင် နှာခေါင်းစည်း (Mask) မတပ်ဆင်ဘဲ အပြင်သွားလာသူ ၉၀၀ ကျော်အရေးယူထား

ဓာတ်ပုံ- IPRD တမူး

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့မှာ နှာခေါင်းစည်း (Mask) မတပ်ဆင်ဘဲ အပြင်သွားလာသူ ၉၀၀ ကျော်ကို အရေးယူထားတယ်လို့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ စန္ဒကူးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရဲမိုးမြင့်က ပြောပါတယ်။

 တမူးမြို့မှာ မေလ ၂၂ ရက်နေ့ကနေစပြီး ဒီကနေ့အထိ နှာခေါင်းစည်း (Mask) မတပ်ဆင်ဘဲ အပြင်သွားလာတဲ့သူ ၉၄၁ ယောက်ကို ဖမ်းဆီးအရေးယူထားတာဖြစ်ပါတယ်။

“မေလဆန်းပိုင်း ပထမနှစ်ပတ်ကို ပညာပေးကာလအနေနဲ့ Mask တွေ အခမဲ့ ဝေတယ်။ Mask တပ်ဆင်သွားလာကြဖို့ လူစည်းကားရာနေရာတွေမှာ လုပ်ပေးခဲ့တယ်။ Mask ဝေအသိပညာပေးရင်းနဲ့ Mask မတပ်သူတွေကို ဘယ်နေ့မှာစတင်ဖမ်းမယ်ဆိုပြီး ကြိုတင် အသိပေးထားတာတွေ ရှိတယ်။ မေလ ၂၂ ရက်နေ့ကစပြီး mask မတပ်တဲ့သူတွေ နံနက် ၉ နာရီကနေ ၁၀ နာရီ အထိ Mask မတပ်သူတွေကို ဖမ်းဆီးရေးတွေလုပ်ခဲ့တာပါ။ လူဦးရေ ၉၀၀ ကျော်လောက် ဖမ်းဆီး အရေးယူနိုင်ခဲ့တာပါ။”လို့ ဦးရဲမိုးမြင့်က ပြောပါတယ်။

နှာခေါင်းစည်း (Mask) မတပ်ဆင်ဘဲ အပြင်သွားလာတဲ့သူ ၉၀၀ ကျော်ကို စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ဖမ်းဆီးပြီး ပြည်သူ့ကျန်းမာရေးဌာန တာဝန်ရှိသူက ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ-၁၅ အရ တရားစွဲကာ တမူးမြို့နယ်တရားရုံးက ဒဏ်ငွေ (၃၀၀၀) ကျပ်စီ ဒဏ်ရိုက် အရေးယူခဲ့တာဖြစ်ပါတယ်။

ကိုဗစ်ကပ်ရောဂါ ဒုတိယလှိုင်း ရခိုင်ပြည်နယ်မှာ ကိုဗစ်ရောဂါဖြစ်ပွားနေတာကြောင့် ကြိုတင်ကာကွယ်သည့်အနေနဲ့ စက်တင်ဘာလ ၃ ရက်နေ့ကနေ တမူးမြို့မှာ အရှိန်အဟုန် Mask ဖမ်းဆီးမှုတွေ အရေးယူနေပြီး Mask ဖမ်းဆီးမှုအတွေ့အကြုံအရ ပြည်သူတွေအနေနဲ့ Mask တပ်ဆင်ဖို့ လိုက်နာမှုအားနည်းတာတွေကို တွေ့နေရသေးတယ်လို့လည်း ပြောပါတယ်။

နှာခေါင်းစည်း (Mask) ဖမ်းဆီးရာမှာ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဖြစ်တဲ့ ပြည်သူ့ကျန်းမာရေးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ တခြားသော ဌာနဆိုင်ရာအဖွဲ့အစည်းတွေ  ပူးပေါင်းကာ ဆောင်ရွက်နေတာပါ။

သူရိယထက်

error: Content is protected !!