ဒုတိယအကြိမ် စစ်ကိုင်းတိုင်းလွှတ်တော်အနေနဲ့ ဘဏ္ဍာငွေ ခွဲဝေချထားမှုအပိုင်းကို အဓိက လုပ်ဆောင်နိုင်ခဲ့ပြီး ရွှေနှင့်ရေအခွန်ကြွေးကျန်များ ရရှိအောင် မဆောင်ရွက်နိုင်ခဲ့သည့်အတွက် အင်မတန်ဝမ်းနည်းစရာကောင်းကြောင်း စစ်ကိုင်းတိုင်းလွှတ်တော်ဥက္ကဌဦးသန်းက ပြောပါ တယ်။
စက်တင်ဘာလ (၂) ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်မှာ ပြုလုပ်တဲ့ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ရဲ့(၅)နှစ်တာလုပ်ငန်းဆောင်ရွက်ချက် သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောကြားခဲ့တာပါ။
“အရင်အစိုးရလက်ထက်တုန်းက ဒေသန္တရစီမံကိန်းတွေ ရေးဆွဲတဲ့အခါမှာ သက်ဆိုင်ရာဌာနတွေအနေနဲ့ သူတို့နဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းတွေပဲ ထည့်သွားတာများခဲ့တယ်။ အခုအစိုးရလက်ထက်မှာတော့ လွှတ်တော်ကိုယ်စားလှယ်တွေက မြေပြင်မှာ အမှန်တကယ် လိုအပ်တဲ့နေရာတွေကိုပဲ သုံးစွဲနိုင်အောင် ဆောင်ရွက်ခဲ့ကြတာဖြစ်တယ်။”လို့ စစ်ကိုင်းတိုင်းလွှတ်တော်ဥက္ကဌ ဦးသန်းက ပြောပါ တယ်။
ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ရဲ့ (၅) နှစ်တာကာလအတွင်းမှာ ဘတ်ဂျက်ငွေ ခွဲဝေသုံးစွဲမှုတွေကို အကောင်းဆုံး လုပ်နိုင်ခဲ့ပေမယ့် တိုင်းအတွင်းက ရွှေကြွေးကျန်တွေနှင့် ရေအခွန်ကြွေးကျန်တွေကို ရရှိအောင် မဆောင်ရွက်နိုင်ခဲ့ဘူးလို့ အခုလို ပြောပါတယ်။
“တိုင်းအတွင်းမှာ ရွှေကြွေးကျန် ကျပ်ဘီလီယံနဲ့ချီပြီး ရစရာတွေကို အချိန်မီ ရရှိအောင်လွှတ်တော်အနေနဲ့ မဆောင်ရွက်နိုင်ခဲ့ပါဘူး။ ဒါဟာတိုင်းဒေသကြီးအတွက်ရော နိုင်ငံအတွက်ပါ အင်မတန်၀မ်းနည်းစရာကောင်းပါတယ်။ ဒါတွေကိုရအောင်ဆောင်ရွက်နိုင်ခဲ့ရင် တိုင်းဒေသကြီးရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတော်တော်များများကို ဆောင်ရွက်နိုင်ခဲ့မှာပါ။ နောက်တစ်ခုကတော့ ပြီးခဲ့တဲ့ အစိုးရလက်ထက်ကတည်းက ရဖို့ကျန်ရှိနေတဲ့ တိုင်းအတွင်းက ရေအခွန်ကြွေးကျန်တွေကိုလည်း ကျနော်တို့ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကနေ ရအောင်မဆောင်ရွက်ခဲ့ဘူး။ ဒီအတွက် အင်မတန်ဝမ်းနည်းစရာကောင်းပါတယ်။”လို့ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးသန်းက ပြောပါတယ်။
စစ်ကိုင်းတိုင်းအတွင်းက ရရှိဖို့ကျန်နေတဲ့ ရွှေကြွေးကျန်နှင့် ရေအခွန်တွေကို လက်ရှိလွှတ်တော်သက်တမ်းမှာ ရရှိအောင် မစွမ်းဆောင်နိုင်ခဲ့ပေမယ့် လာမယ့်ရွေးကောက်ပွဲအပြီးမှာ အသစ်ဖွဲ့စည်းကြမယ့် တတိယအကြိမ်လွှတ်တော်နဲ့ အစိုးရအသစ်နဲ့ ပူးပေါင်းကာ ရရှိအောင်ဆောင်ရွက်ဖို့ လိုအပ်ပြီး လက်ရှိ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်သက်တမ်း(၅)နှစ်အတွင်းမှာ လွှတ်တော်အနေနဲ့ ဘဏ္ဍာငွေ ခွဲဝေချထားမှုအပိုင်းမှာ အဓိကထား လုပ်ဆောင်နိုင်ခဲ့တယ်လို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးသန်းက ပြောပါတယ်။