Home > သတင်း > အစိုးရနှင့် လွှတ်တော်က တစ်ပါတီထဲကဖြစ်တာကြောင့် ပွတ်တိုက်မှုမရှိအောင် နေကာ ပူးပေါင်းအဖြေရှာတဲ့နည်းနဲ့ သွားနေတယ်လို့ စစ်ကိုင်းတိုင်းလွှတ်တော်ဉက္ကဌ ပြောကြား

အစိုးရနှင့် လွှတ်တော်က တစ်ပါတီထဲကဖြစ်တာကြောင့် ပွတ်တိုက်မှုမရှိအောင် နေကာ ပူးပေါင်းအဖြေရှာတဲ့နည်းနဲ့ သွားနေတယ်လို့ စစ်ကိုင်းတိုင်းလွှတ်တော်ဉက္ကဌ ပြောကြား

စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ရဲ့ သတင်းစာရှင်းလင်းပွဲကို စက်တင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းက လွှတ်တော် Banquets ခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။ လွှတ်တော်ရဲ့ လုပ်ငန်းစဉ်တွေထဲက အစိုးရကို ထိန်းကျောင်းခြင်းနဲ့ ပတ်သက်ပြီး ၅ နှစ်တာကာလအတွင်း အစိုးရကို စွပ်စွဲပြစ်တင်တာတွေ လုပ်ဆောင်မှု မရှိခဲ့တဲ့အပေါ် သတင်းထောက်တစ်ဉီးက မေးမြန်းခဲ့ပါတယ်။

မေးခွန်းနဲ့ပတ်သက်ပြီး လွှတ်တော်ဉက္ကဌ ဦးသန်းက “ကျွန်တော်တို့အနေနဲ့ စွပ်စွဲပြစ်တင်လောက်အောင် ကြီးကျယ်တဲ့ အဆင့်ထိတော့ မရောက်ပါဘူး။ မတွေ့ရဘူးပေါ့။ နောက်တစ်ချက်က အစိုးရနှင့် လွှတ်တော်ဆိုတာက ပြောရရင် တစ်ပါတီထဲက ပုဂ္ဂိုလ်တွေပါ။ ဆိုတော့ အချင်းချင်း ရန်ဖြစ်နေမယ့်အစား ပူးပေါင်းပြီးမှ ဘာလုပ်ရင် အကောင်းဆုံးလည်း ဆိုတဲ့ အိုင်ဒီယာ အဖြေကို ထုတ်ပြီးဆောင်ရွက်ကြတာ များပါတယ်။ အစိုးရနှင့် လွှတ်တော်နဲ့ ပွတ်တိုက်မှု ဒါမှမဟုတ် တရားရုံးနဲ့ ပွတ်တိုက်မှုရှိရင် နစ်နာမယ့်သူက ကြားထဲက ပြည်သူပဲ။ ပြည်သူနစ်နာမယ့်ဟာမျိုး ကျွန်တော်တို့ မလုပ်ရက်ပါဘူး။”လို့ ပြန်လည်ဖြေကြား ပြောဆိုခဲ့ပါတယ်။

NLD အစိုးရတက်လာခါစကနေ ၂၀၁၈ လောက်ထိ တိုင်းလွှတ်တော်က တိုင်းအစိုးရကို ထိန်းကျောင်းမှုအပိုင်းမှာ သိသိသာသာ အားကောင်းခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ တဖြည်းဖြည်း အားနည်းလာတာကို တွေ့ရတယ်လို့ လွှတ်တော်ကို စောင့်ကြည့်လေ့လာနေသူ တချို့ကလည်း ပြောပါတယ်။ ၅ နှစ်တာကာလအတွင်း အစိုးရရဲ့ လုပ်ဆောင်ချက်တွေနဲ့ပတ်သက်လို့ အခြေခံအဆောက်အအုံဖြစ်တဲ့ လမ်းတံတားကဏ္ဍတွေမှာ သိသိသာသာ တိုးတက်လာခဲ့ပြီး ဌာနဆိုင်ရာ ဝန်ထမ်းတွေကို ကိုင်တွယ်နိုင်မှုအပိုင်းမှာတော့ အားနည်းချက်တွေရှိနေသေးတယ်လို့လည်း ကိုယ်စားလှယ်တွေက ပြောဆိုတာတွေရှိပါတယ်။

အစိုးရအနေနဲ့ကတော့ ၅ နှစ်တာကာလအတွင်း ဆောင်ရွက်နိုင်ခဲ့မှုတွေကို ကျေနပ်အားရသလို ပြည်သူလူထုရဲ့ ထောက်ခံအားပေးမှုကိုလည်း ကျေနပ်မှု ရှိတယ်လို့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က သူ့ရဲ့ လွှတ်တော်တွင်း ပြောကြားတဲ့ မိန့်ခွန်းမှာ ပြောဆိုခဲ့ပါသေးတယ်။

တိုင်းဒေသကြီးလွှတ်တော်ရဲ့ သတင်းစာရှင်းလင်းပွဲကိုတော့ လွှတ်တော်ဉက္ကဌနှင့် ရေးရာကော်မတီဉက္ကဌ ၄ ဉီးတို့ ပူးပေါင်းပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

လွင်မင်း (မျက်မှောက်ခေတ်)

error: Content is protected !!