Home > သတင်း > စီးပွားရေး > ကိုဗစ်ကာလအတွင်း ပြည်တွင်းအခွန်များဦးစီးဌာနအနေနဲ့ အခွန်နှုန်းလျော့ချပေးခွင့်မရှိကြောင်း တိုင်း စီမံ/ဘဏ္ဍာ၀န်ကြီး ပြောကြား

ကိုဗစ်ကာလအတွင်း ပြည်တွင်းအခွန်များဦးစီးဌာနအနေနဲ့ အခွန်နှုန်းလျော့ချပေးခွင့်မရှိကြောင်း တိုင်း စီမံ/ဘဏ္ဍာ၀န်ကြီး ပြောကြား

COVID-19 ကပ်ရောဂါဖြစ်ပွားနေတာကြောင့် စီးပွားရေးထိခိုက်မှုတွေ ရှိနေပေမယ့် ၀င်ငွေခွန်နှုန်းထားကို လျော့ချပေးဖို့ ပြည်တွင်းအခွန်ဦးစီးဌာနအနေနဲ့ လုပ်ပိုင်ခွင့်မရှိဘူးလို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု၀န်ကြီး ဦးစိုးဦး ကပြောပါတယ်။ ဩဂုတ်လ (၃၁) ရက်နေ့က ကျင်းပတဲ့ စစ်ကိုင်းတိုင်းလွှတ်တော် (၂၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့မှာ ဖောင်းပြင်မြို့နယ် အမှတ် (၂) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ထွန်းရဲ့ မေးခွန်းကို ဖြေကြားရာမှာ ပြောခဲ့တာဖြစ်ပါတယ်။

“၀င်ငွေခွန်နှုန်းထားတွေကို ၂၀၁၉ ခုနှစ် ပြည်ထောင်စုအခွန်အကောက်ဥပဒေ ပုဒ်မ (၁၉) မှာ ပြည်တွင်းအခွန်များဦးစီးဌာနအနေနဲ့ အခွန်နှုန်းထားများ လျော့ချပေးပိုင်ခွင့် မရှိသလို ပြည်ထောင်စု လွှတ်တော်က နှစ်စဉ်ပြဌာန်းပေးတဲ့ ပြည်ထောင်စု အခွန်ကောက်ဥပဒေပါ နှုန်းထားများအတိုင်း တည်ဆဲဥပဒေ၊ စည်းမျဉ်း၊ နည်းဥပဒေ အမိန့် ညွှန်ကြားချက်တွေနဲ့အညီ ‌ေဆာင်ရွက်ရတာဖြစ်တယ်။”လို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ စီမံ၊ဘဏ္ဍာ၀န်ကြီး ဦးစိုးဦး ကပြောပါတယ်။

လက်ရှိအချိန်မှာ COVID-19 ကပ်ရောဂါဖြစ်ပွားနေစဉ်အတွင်း တချို့စီးပွားရေးလုပ်ငန်းတွေမှာ ရပ်ဆိုင်းရတာတွေအထိ ရှိနေပြီး ၀င်ငွေထိခိုက်မှုတွေလည်း ဖြစ်ပေါ်နေတာပါ။

“ကိုဗစ်ကပ်ရောဂါကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး စတဲ့ကဏ္ဍတွေမှာ ထိခိုက်ဆုံးရှုံးမှုတွေ ရှိနေပြီး လုပ်ငန်းရှင်အကြီး၊ အလတ်၊ အသေးအားလုံး ထိခိုက်မှု ရှိနေပါတယ်။ ဒါကြောင့် လျှပ်စစ် မီတာခတွေ ပြုပြင်ပြောင်းလဲလာသလို  ပြည်တွင်းအခွန်ဦးစီးဌာနအနေနဲ့ ဝင်ငွေခွန်နှုန်းထားတွေ လျှော့ချပေးဖို့ တိုင်းအစိုးရအနေနဲ့ ပြည်ထောင်စုနဲ့ချိတ်ဆက်ပြီး ဆောင်ရွက်ပေးဖို့ မေးမြန်းရခြင်းဖြစ်တယ်။”လို့ ဖောင်းပြင်မြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဦးခင်မောင်ထွန်းက ပြောပါတယ်။ လက်ရှိမှာ အစိုးရအနေနဲ့ အခွန်နှုန်းထား လျှော့ချပေးနိုင်ခြင်းမရှိပေမယ့် လျှပ်စစ်မီတာခ လျှော့ချတာတွေအပါအဝင် ကိုဗစ်ကပ်ရောဂါကုစားရေးအတွက် တိုင်းအတွင်း လုပ်ငန်းပေါင်း ၂၆၂ ခုအတွက် ကျပ်သန်း ၅၆၀၀ ကျော်ကို ထုတ်ချေးပေးထားတယ်လို့ သိရပါတယ်။

မျက်မှောက်ခေတ်

error: Content is protected !!