Home > သတင်း > ဒေသတွင်းသတင်း > စစ်ကိုင်းတိုင်းဒေသကြီး သတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူးအပါအဝင် ၅ ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဉပဒေနဲ့ အမှုဖွင့်

စစ်ကိုင်းတိုင်းဒေသကြီး သတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူးအပါအဝင် ၅ ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဉပဒေနဲ့ အမှုဖွင့်

စစ်ကိုင်းတိုင်းဒေသကြီး သတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်နိုင်အပါအဝင် ဝန်ထမ်း ၅ ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဉပဒေနဲ့ အမှုဖွင့်အရေးယူလိုက်တယ်လို့ အဂတိတိုက်ဖျက်ရေးကော်မရှင်က ဩဂုတ်လ ၂၂ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းဒေသကြီး၊ သတ္တုတွင်းဦးစီးဌာနမှ ဝန်ထမ်းတွေက လုပ်ပိုင်ခွင့်အာဏာကို စွဲကိုင်ကာ အဂတိလိုက်စားမှု ကျူးလွန်နေတဲ့အပေါ် ဖြစ်စဉ်အမှန်ကို ဖော်ထုတ်ပေးပါရန် တိုင်ကြားလာတဲ့အတွက်

ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့တာပါ။ စစ်ဆေးချက်တွေအရ သတ္တုတွင်းဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီးရုံးခွဲမှ ညွှန်ကြားရေးမှူး ဦးအောင်နိုင်ကနေ ရွှေမျောလုပ်ကွက် ချထားပေးခြင်းနှင့်စပ်လျဉ်းပြီး လုပ်ပိုင်ခွင့်ရှိသူဖြစ်ကြောင်း ပြောဆိုကာ ရွှေမျောလုပ်ကွက် လျှောက်ထားတဲ့ ကုမ္ပဏီထံက ငွေကျပ် သိန်း(၄၀)၊ အမှတ်(၂)သတ္တုတွင်းလုပ်ငန်း၊ မုံရွာမှ ဒုတိယအထွေထွေမန်နေဂျာ ဦးလင်းထင်က ငွေကျပ်(၂၀၃)သိန်း၊ ရဲအုပ်မျိုးမင်းညွန့် (နုတ်ထွက်)က မိုင်းကိုင်းရဲစခန်းမှူးအဖြစ် တာဝန်ထမ်းဆောင်စဉ် ရွှေမျောမောင်းသူ (၃)ဦးထံမှ ငွေကျပ်သိန်း (၅၀) နှင့် မျောလုပ်သား သေဆုံးခဲ့သည့်ကိစ္စနှင့် ဆက်စပ်လို့ ငွေကျပ် သိန်း(၅၀)တို့ကို လက်ခံရယူခဲ့တာကို စစ်ဆေးပေါ်ပေါက်ခဲ့တာပါ။

ဒါ့အပြင် ဟုမ္မလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အကြီးတန်းစာရေး ဒေါ်ရှုရှုယဉ်ကလည်း အသေးစား ရွှေမျောလုပ်ကွက် လျှောက်ထားတာနဲ့ ပတ်သက်လို့ မြို့နယ် စီမံခန့်ခွဲရေး ကော်မတီမက ထောက်ခံတင်ပြရန်အတွက် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံး၊ မြေတိုင်း-၄ ဦးစိုးမိုးအောင် ထံကနေ ငွေကျပ် ၃၅၀,၀၀၀/-ကို လက်ခံရယူခဲ့ပြီး အဂတိလိုက်စားမှုကို ကျူးလွန်ခဲ့ပါတယ်။ အမှုတွဲထိန်း တာဝန်ထမ်းဆောင်သူ မြေတိုင်း-၄ ဦးစိုးမိုးအောင်ကလည်း မြို့နယ်စီခန့်ရဲ့ ထောက်ခံချက်ရဖို့ ငွေကျပ် ၃၅၀,၀၀၀/- ပေးခဲ့ပြီး ဒေါ်ရှုရှုယဉ်ကို အဂတိလိုက်စားမှု ကျူးလွန်ရန် အားပေးကူညီခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တာပါ။

စစ်ဆေးပေါ်ပေါက်ချက်များအရ ဦးအောင်နိုင်၊ ဦးလင်းထင်နှင့် ရဲအုပ်မျိုးမင်းညွန့် (နုတ်ထွက်)တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ ၊ ဒေါ်ရှုရှုယဉ် ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၇နှင့် ဦးစိုးမိုးအောင်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၇/၆၃ အရ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့မရဲစခန်းနှင့် မိုင်းကိုင်းရဲစခန်းတို့မှာ ၂၀-၈-၂၀၂၀ ရက်နေ့က ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်ပြီး တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

error: Content is protected !!