Home > သတင်း > ဒေသတွင်းသတင်း > မြစ်ရေတက်လာလို့ ချင်းတွင်းမြစ်အတွင်းက ရေယာဉ်တွေ ပြေးဆွဲခွင့် အခုနှစ်အတွင်း ပထမဆုံးအကြိမ် ယာယီရပ်နား

မြစ်ရေတက်လာလို့ ချင်းတွင်းမြစ်အတွင်းက ရေယာဉ်တွေ ပြေးဆွဲခွင့် အခုနှစ်အတွင်း ပထမဆုံးအကြိမ် ယာယီရပ်နား

ချင်းတွင်းမြစ်အတွင်းမှာပြေးဆွဲနေတဲ့ အမြန်ရေယာဉ်တွေနှင့် ကုန်တင်ရေယာဉ်တွေကို ဩဂုတ်လ (၂၁) ရက်နေ့ကစပြီး ပြေးဆွဲခွင့် ယာယီပိတ်သိမ်းသွားမယ်လို့ တိုင်းဒေသကြီး ပုဂ္ဂလိက အမြန်ရေယာဉ်များ စနစ်တကျပြေးဆွဲရေး ကော်မတီက သိရပါတယ်။ ချင်းတွင်းမြစ်အတွင်းမှာ မြစ်ရေမြင့်တက်လာပြီး မုံရွာမြို့ရဲ့ စိုးရိမ်ရေအမှတ်ကို နီးလာက ရေအမှတ် (၉၀၀) စင်တီမီတာကျော်ကို ရောက်ရှိလာတဲ့အတွက် ရေယာဉ်အသင်းပိုင်ရှင်တွေနဲ့ ဩဂုတ်လ ၁၉ ရက်နေ့က တွေ့ဆုံ ဆွေးနွေးညှိနှိုင်းပြီး ယာယီရပ်နားထားဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ စစ်ကိုင်းတိုင်း ပုဂ္ဂလိက အမြန်ရေယာဉ်များ စနစ်တကျပြေးဆွဲရေး ကော်မတီ (ရစက) အတွင်းရေးမှူးက ပြောပါတယ်။

“မုံရွာမြို့ရဲ့ ချင်းတွင်းမြစ်စိုးရိမ်ရေမှတ်က (၁၀၀၀) စင်တီမီတာဖြစ်ပါတယ်။ လက်ရှိမှာ (၉၅၀) နီးပါးထိ ရောက်ရှိလာတာကြောင့် (၂၁) ရက်ကနေ (၂၃) ရက်နေ့အထိ ယာယီရပ်နားထားဖို့ ရေယာဉ်အသင်တွေနဲ့ ဆွေးနွေပြီး တိုင်းအစိုးရကို ခွင့်ပြုချက်တောင်းခံခဲ့တာဖြစ်တယ်။”လို့ စစ်ကိုင်းတိုင်းဒေသကြီး ပုဂ္ဂလိက အမြန်ရေယာဉ်များ စနစ်တကျပြေးဆွဲရေး ကော်မတီအတွင်းရေးမှူး ဦးဇော်၀င်းက ပြောပါတယ်။

လက်ရှိ မြစ်ရေအခြေနေအရ ချင်းတွင်းမြစ်အတွင်း ပြေးဆွဲနေတဲ့ ရေယာဉ်တွေကို (၃) ရက်ကြာ ယာယီရပ်နားထားဖို့ စီစဉ်ထားပေမယ့် မြစ်ရေဆက်တက်နေမယ်ဆိုရင်တော့ ရေယာဉ်ပြေးဆွဲခွင့်ကို ဆက်ပိတ်ထားဖို့ ရေယာဉ်အသင်းတွေနဲ့ ပြောထားပြီးဖြစ်တယ်လို့လည်း သိရပါတယ်။ ချင်းတွင်းမြစ်အတွင်းမှာ မုံရွာဆိပ်ကမ်းကနေ အထက်ပိုင်းဒေသတွေဖြစ်တဲ့ မင်းကင်း၊ ဖောင်းပြင်၊ ဟုမ္မလင်း၊ ခန္တီးစတဲ့ ဆိပ်ကမ်းတွေအထိ ပြေးဆွဲနေတဲ့ ခရီးသည်တင် အမြန်ရေယာဉ်ပေါင်း (၃၄၀) ကျော်နှင့် ကုန်တင်ရေယာဉ် (၆၀၀) ကျော်ရှိတယ်လို့ တိုင်း ရစကရုံးရဲ့ စာရင်းတွေအရ သိရပါတယ်။ မိုးလေဝသနှင့် ဇလဗေဓ ညွှန်ကြားမှု ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ ချင်းတွင်းမြစ်ရေက ခန္တီးမြို့မှာ စိုးရိမ်ရေအမှတ်ထက် ၃၀ စင်တီမီတာကျော်၊ ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့တို့မှာ စိုးရိမ်ရေအမှတ်ထက် ၂ ပေခွဲခန့်စီ၊ မော်လိုက်မြို့မှာ စိုးရိမ်ရေအမှတ်ထက် ၁ စင်တီမီတာနှင့် ကလေးဝ၊ မင်းကင်း၊ မုံရွာ စတဲ့မြို့တွေမှာလည်း စိုးရိမ်ရေအမှတ်ရောက်နိုင်တဲ့ အနေအထားတွေ ရှိနေတယ်လို့ သိရပါတယ်။ ကမ်းနားနေထိုင်သူတွေနှင့် ရေဝင်ရပ် အနိမ့်ပိုင်းမှာ နေထိုင်သူတွေအနေနဲ့ အထူးသတိပြုနေထိုင်ကြဖို့ကိုလည်း မိုးဇလက သတိပေးချက် ထုတ်ပြန်ထားပါတယ်။ ချင်းတွင်းမြစ်အတွင်း ပြေးဆွဲနေတဲ့ ရေယာဉ်တွေကိုတော့ ဒီနှစ်မိုးရာသီအတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် ယာယီရပ်နားတာလည်း ဖြစ်ပါတယ်။ မြစ်ရေမြင့်တက်နေလို့ ခန္တီးမြို့က အနိမ့်ပိုင်းရပ်ကွက်တွေ ရေဝင်ရောက်နေပြီး ရွှေ့ပြောင်းရတာတွေလည်း ရှိနေပါတယ်။

error: Content is protected !!